Monday, May 27, 2019

အင်္ဂလန်နိုင်ငံတွင်ကျင်းပမည့် သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ မြန်မာကျောင်းသားများဝင်ရောက်ယှဉ်ပြိုင်မည်

အင်္ဂလန်နိုင်ငံတွင် ၁၀ ရက်ကြာကျင်းပမည့် သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှကျောင်းသားများ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိခန်းမ၌ မေလ၂၆ ရက်ကကျင်းပသည့် မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြောကြားချက်အရ သိရခြင်းဖြစ်သည်။



“ ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများသွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သင်္ချာထူးချွန်စာမေးပွဲများကိုကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန်စာမေးပွဲများကိုကျင်းပခဲ့ပါတယ်။ ဗဟိုအဆင့်တွင်ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ ဦးနှင့် ဒသမတန်းကျောင်းသား ၂၀ ဦးတို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့်ကျောင်းသား ၆ ဦးကိုရွေးချယ်သည်ဟု သိရှိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ပြီးခဲ့သော၂၀၁၆ ခုနှစ်က ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ကာ ၂၀၁၇ ခုနှစ်က ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honorable Mention ဆုလက်မှတ်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်က ရိုမေးနီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad (IMO)ပြိုင်ပွဲတွင် Honorable Mention ဆုလက်မှတ်များရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ကြောင်း သိရသည်။
၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို England နိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ရန်ကုန်တက္ကသိုလ်၊သင်္ချာဌာနတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment