Monday, May 27, 2019

ဘင်္ဂလားဒေ့ရှ်မှာ ငါးဖမ်းခွင့် နှစ်လကျော် ပိတ်ပင်

ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းခွင့် နှစ်လကျော် ပိတ်ပင်လိုက်တဲ့အတွက် နိုင်ငံတောင်ပိုင်းက ရာနဲ့ချီတဲ့ ရေလုပ်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ငါးဖမ်းခွင့်ကို မေလ ၂၀ ရက်ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ ပိတ်လိုက်ပြီး၊ ကမ်းရိုးတန်းတလျောက်မှာလည်း ရေတပ်သင်္ဘောတွေ ကင်းလှည့်စောင့်ကြပ်နေပါတယ်။ အခုလို ပိတ်ပင်ရတာဟာ ဘင်္ဂလား ပင်လယ်အော်မှာ ငါးရှားပါးလာနေတာကြောင့်လို့ အစိုးရက ပြောပါတယ်။



အခုလို အစိုးရရဲ့ မကြုံစဖူး ငါးဖမ်းခွင့် ၆၅ ရက် ပိတ်လိုက်တာကြောင့် ကမ်းရိုးတန်းတလျောက် ကျေးရွာတွေက ရာနဲ့ချီတဲ့ တံငါသည်တွေ ဆိုင်းဘုတ်တွေ၊ တံခွန်တွေ ကိုင်ဆောင်ပြီး၊ ကောက်စ်ဘဇားမြို့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမား သမဂ္ဂက ဆန္ဒပြခေါင်းဆောင်တစ်ဦးကလည်း ဘယ်နိုင်ငံမှာမှ အခုလို အစိုးရက မတရားသဖြင့် ရက်ရှည်ပိတ်ပင်တာမျိုး မရှိခဲ့ကြောင်း၊ ဒီအမိန့်ကြောင့် ဆင်းရဲသားတံငါသည်တွေသာ အထူးသဖြင့် ထိခိုက်ရကြောင်းပြောဆိုပါတယ်။

အထူးထိခိုက်ရတဲ့ တံငါသည်မိသားစုဝင် ငါးသိန်းနီးပါးအတွက် ဆန်အခမဲ့ ထောက်ပံ့မယ်လို့ အစိုးရက ကြေညာထားပါတယ်။ ဒါပေမဲ့ အဲဒီ ကိန်းဂဏန်းဟာ မှတ်ပုံတင်ထားတဲ့ ရေလုပ်သားအရေအတွက်သာဖြစ်ပြီး၊ မှတ်ပုံတင်မရှိတဲ့ တံငါသည်တွေက အဲဒီထက် ရှစ်ဆလောက်ရှိတယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

No comments:

Post a Comment