Monday, May 27, 2019

ဘောလုံးအကယ်ဒမီကျောင်းသား မိဘများကို MFF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှာ တက်ရောက်မယ့် ကစားသမားတွေရဲ့ မိဘ/အုပ်ထိန်းသူတွေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင်  မေ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မစ္စတာအဲရစ်၊ လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ်၊ မန္တလေး ဘောလုံးအကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်၊ နည်းပြဆရာတွေ၊ တာဝန်ရှိသူတွေနဲ့ ကျောင်းသားမိဘတွေ တက်ရောက်ခဲ့ကြပါတယ်။


နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ် က 2019- 2023 strategic plan အရ အကယ်ဒမီတွေမှာ သင်ကြားပေးမယ့် အခြေခံ သဘောတရားတွေကို ကျောင်းသားမိဘတွေအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ်က အကယ်ဒမီ ကျောင်းသားတွေကို ဘောလုံးအားကစားမှာသာမက ပညာရေး၊ ကျန်းမာရေး၊ စာရိတ္တ စတဲ့ ဘက်စုံထူးချွန်တဲ့ ကစားသမားကောင်းတွေ ဖြစ်လာဖို့ လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကျောင်းသားမိဘတွေက အားကစား၊ ပညာရေး၊ ကျန်းမာရေး စတဲ့ သိလိုတာတွေကို ပြန်လည်မေးမြန်းခဲ့ကြပါတယ်။

တွေ့ဆုံပွဲတွေကို အမျိုးသားအကယ်ဒမီ (ရန်ကုန်) နဲ့ ပုသိမ်ဘောလုံးအကယ်ဒမီတို့မှာလည်း ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment