Sunday, May 19, 2019

သြစတြေးလျ ရွေးကောက်ပွဲ၌ အတိုက်အခံလေဘာပါတီက မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ပြီး ကွန်ဆာဗေးတစ်တို့ အနိုင်ရ

သြစတြေးလျရွေးကောက်ပွဲတွင် အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်းတို့ အရေးနိမ့်ပြီး လေဘာပါတီက အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်တို့က အနိုင်ရရှိသွားခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု တစ်ပြေးခဲ့သော လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တန်းက ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီး ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ရွေးကောက်ပွဲတွင် သူ၏ပါတီက အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မှုအတွက် “တိတ်ဆိတ်နေသော သြစတြေးလျပြည်သူ” တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။



“ဒီည အနိုင်ရခဲ့တာက တိတ်ဆိတ်နေတဲ့ သြစတြေးလျပြည်သူတွေပါပဲ” ဟု မော်ရစ်ဆင်က ပြောကြားခဲ့သည်။


ကြီးမားကျယ်ပြန့်သော ကျွန်း-တိုက် ဖြစ်သည့် သြစတြေးလျနိုင်ငံတွင် ရွေးကောက်ပွဲနေ့က လူ ၁၆ မှ ၁၇ သန်းခန့် လာရောက်မဲပေးခဲ့ကြသည်ဟု ခန့်မှန်းရသည်။ အလွန်အမင်း အကြိတ်အနယ်ဖြစ်နေသည့် ထိုရွေးကောက်ပွဲမှာ ရာသီဥတုရေးရာ မူဝါဒက အဆုံးအဖြတ်ပေးမည့် ပထမဆုံးရွေးကောက်ပွဲလည်း ဖြစ်လာနိုင်ခြေရှိနေသည်။

ရွေးကောက်ပွဲပြီးနောက် စစ်တမ်းများတွင် လေဘာပါတီက ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြသည်။ ရွေးကောက်ပွဲမတိုင်မီက စစ်တမ်းများတွင်လည်း လေဘာပါတီက အောင်ပွဲခံမည်ဟု ခန့်မှန်းခဲ့ကြသည်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူထုသဘောထားစစ်တမ်းများထဲ၌ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်၏ လစ်ဘရယ်ညွန့်ပေါင်းသည် ရှော့တန်း၏ လေဘာပါတီကို တဖြည်းဖြည်း အမီ ပြန်လိုက်လာခဲ့သည်။ ရူးပတ်မာဒေါ့ခ်ျပိုင်ဆိုင်သော သြစတြေးလျ၏ အကြီးဆုံးမီဒီယာ အဖွဲ့အစည်းကြီး၏ ထောက်ခံမှုရရှိထားသော မော်ရစ်ဆင်သည် အဓိကအားဖြင့် အသက်အရွယ်ကြီးသူများနှင့် ချမ်းသာသူများကို မဲ ဆွယ်ခဲ့ခြင်းဖြစ်သည်။

မော်ရစ်ဆင်သည် ရွေးကောက်ပွဲကို အရေးနိမ့်မည့်သူတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သဘောထား အလယ်အလတ်ရှိသော မယ်လ်ကွန်တန်ဘူးကို ပါတီတွင်း အာဏာသိမ်းမှုနှင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့သော မော်ရစ်ဆင်သည် သက်တမ်း ကိုးလသာရှိသေးပြီး သြစတြေးလျသမိုင်းတွင် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်ဖြစ်မည်ဟုပင် ခန့်မှန်းခံခဲ့ရသည်။

လေဘာတို့သည် “မရှုံးနိုင်သော”  ရွေး ကောက်ပွဲအရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြသည်။

လစ်ဘရယ်နေရှင်နယ် ညွန့်ပေါင်းသည် အမတ်နေရာ ၇၄ နေရာရရှိခဲ့ပြီး အများစုဖြစ်ရန် လိုအပ်သော ၇၆ နေရာကို ပြည့်မီရန် အနည်းငယ်သာ လိုခဲ့သည်ဟု သြစတြေးလျ ရွေးကောက်ပွဲကော်မရှင်ကဆို သည်။ သြစတြေးလျရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးက လွှမ်းမိုးနေခဲ့သည်။

ရှော့တန်းက ゞင်းတို့အနိုင်ရလျှင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးမြှင့်သုံးစွဲရန် ဥပဒေတစ်ရပ်အား အမြန်ဆုံးအတည်ပြုမည်ဟု ကတိပြုထားသည်။ ထိုစဉ် လစ်ဘရယ်တို့ကမူ လေထုပိုမိုသန့်ရှင်းလာစေ ရန်အတွက် ကျောက်မီးသွေးက ကျားကန်ပေးထားသည့် နိုင်ငံ့စီးပွားရေးကို အန္တရာယ် ဖြစ်စေမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သြစတြေးလျသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံဖြစ် သည်။

No comments:

Post a Comment