Sunday, May 19, 2019

ရန်ကုန်မီးပွိုင့်ထိန်းချုပ်ရေးစနစ်နှင့် ကျပ်ဘီလီယံ ၂၀

အရှေ့တာင်အာရှ၏ ယာဉ်ကြောကျပ်တည်းမှု အမြင့်ဆုံး မြို့တော်များ စာရင်းထဲတွင် ရန်ကုန်မြို့က နှစ်စဉ်ပါဝင်နေသည်။ အစိုးရနှစ်ဆက်တိုင် ထိုအခက်အခဲဖြေရှင်းရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ၂၀၁၅ တွင် သမ္မတ၏အထူးရန်ပုံငွေမှ ကျပ်ဘီလီယံ ၂၀ ကို အသုံးပြု၍ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို အထိုက်အလျောက် လျှော့ချရေး နည်းပညာအသုံးပြုရန် ကြိုးစားခဲ့သည်။ ထိုအရာမှာ ရန်ကုန်မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ်ဖြစ်၏။ 

ရန်ကုန်မြို့ မီးပွိုင့် ၁၅၄ ခုကို ဗဟိုထိန်းချုပ်ရေးစင်တာမှ နည်း ပညာသုံးအသိဉာဏ်အတု (AI-Artificial Intelligence)ဖြင့် ထိန်း ချုပ်ရန်ဖြစ်သည်။ ထိုစနစ်ကို တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ပြီး သုံးနှစ်အ ကြာတွင် မေလ ၈ ရက်က စနစ် တစ်ခုလုံးကို ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခဲ့သည်။ သို့သော် ရလဒ်မှာ ပြောင်းပြန်သာ ဖြစ်ခဲ့သည်။


ထိုစနစ်ကို စတင်စမ်းသပ် အသုံးပြုသည့်နေ့တွင် ယာဉ်ကြောပိုမိုကျပ်တည်းခြင်း၊ မီးပွိုင့်များ မှားယွင်းစွာ အချက်ပြခြင်း၊ စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို မှားယွင်းစွာ မှတ် တမ်းတင်ခြင်းနှင့် အချက်အလက်စုဆောင်းမှုစနစ် မှားယွင်းခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ထိုစနစ်ကို မေလ ၈ ရက်မှ ၉ ရက်အထိ ရုံးတက်၊ ရုံးဆင်းချိန် တွင် စတင်စမ်းသပ်ခဲ့ခြင်းဖြစ် သည်။ စမ်းသပ်သည့် မေလ ၈ ရက် အခြေအနေကို အငှားယာဉ် မောင်း ကိုဝေယံက ‘‘ဒီနေ့ ကား တွေ ပိုကျပ်တာပေါ့။ အရင်နေ့တွေထက် တစ်နာရီလောက်ပို ကြာတယ်’’ဟု ပြောသည်။

စမ်းသပ်မှုသည် ရုံးတက်ရုံး ဆင်းချိန်ဖြစ်၍ ယာဉ်ကြောကျပ် တည်းမှုကို ပိုမိုဆိုးရွားစွာ ခံစားခဲ့ ရပြီး ကမ္ဘာအေးဘုရားလမ်းရှိ အချို့နေရာများတွင် အချက်ပြ စနစ်များ မှားယွင်း၍ လေးဖက် လေးတန်ရှိ မီးပွိုင့်များတွင် အနီ ရောင်များ ပြသနေသဖြင့် ယာဉ် ထိန်းရဲများက ဝင်ရောက်ကူညီခဲ့ရသည်ဟု ကိုဝေယံကပြောသည်။

မီးပွိုင့်များ စမ်းသပ်သည့်နေ့ တွင် ဘူးလေးရာ ဖရုံဆင့်ခဲ့သည်က ရန်ကုန်တိုင်းအတွင်း အလှည့်ကျ မီးပေးသည့်စနစ် ဖြစ်ခဲ့ပြန်၏။ အချို့မီးပွိုင့်များ မီးပြတ်၍ အလုပ် မလုပ်၊ မီးပွိုင့်အချို့၌ အချက်ပြစနစ်ချွတ်ယွင်းမှုတို့ ကြုံခဲ့ရပြန် သည်။

‘‘မီးပွိုင့်စမ်းလို့ ကားတွေ ကျပ်တယ်လို့ ကြားတယ်။ အရင် ကထက် ပိုကျပ်တယ်’’ဟု မြောက် ဥက္ကလာပမြို့နယ်နေ ဒေါ်စန္ဒာဦး က ပြောသည်။

ဗဟိုမီးပွိုင့် ထိန်းချုပ်ရေး စနစ်၏ တစ်စိတ်တစ်ပိုင်းကို ယမန်နှစ်က စမ်းသပ်ခဲ့ဖူးသည်။ ရန်ကုန်မြို့ရှိ အဝိုင်းသုံးခုကို ၂၀၁၈ နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ စမ်းသပ်ချိန်တွင်လည်း ယာဉ်ကြောကျပ်တည်းမှု အဆိုးရွားဆုံး ဖြစ်ပေါ်လာ၍ YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့)က ထိုစနစ်စမ်းသပ်မှုကို ရပ်ဆိုင်းစေခဲ့သည်။

ယခုတစ်ကြိမ် တစ်ကျော့ ပြန်စမ်းသပ်မှုတွင် ဦးထောင်ဘို အဝိုင်း၊ ဟံသာဝတီအဝိုင်းနှင့် ဦးဝိစာရအဝိုင်းများရှိ မီးပွိုင့်များ ကို ချန်လှပ်ခဲ့ပြီး ကျန်မီးပွိုင့် ၁၅၁ ခုကို ပထမဆုံးအကြိမ် တစ်ပြိုင် နက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စနစ်စမ်းသပ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ‘‘သိထားတာ တော့ ရပ်ထားရတယ်။ ရပ်ထားရ တယ်ဆိုကတည်းက ယာဉ်ကြော ကျပ်တာတွေ ပိုများလာလို့ပဲ’’ဟု ပြောသည်။

ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က မူ ‘‘အဆင်မပြေဘူးလို့ ဘယ် သူပြောလဲ။ သက်ဆိုင်ရာ ပညာ ရှင်တွေ စစ်ဆေးနေတယ်’’ဟု မှတ်ချက်ပေးသည်။

စမ်းသပ်ပြီး နောက်တစ်ရက် တွင် YRTA က ယင်းနှင့်ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ်များ ကို ခေါ်ယူရှင်းပြခဲ့သည်။

YRTA ၏ အဆိုပါမီးပွိုင့် ထိန်းချုပ်ရေးစနစ်အပေါ် အပိုင်း လိုက်မှတ်ချက်ပေးရာတွင် VMS-Variable Message Sign အမည်ရှိ LCD ဘုတ်ပြားကြီးနှင့် Check Point (စစ်ဆေးမှတ်များ)သည် အရည်အသွေးအလွန်ညံ့ကြောင်း ပါဝင်သည်။

ကားရပ်နားမှုမှတ်တမ်းတင် ခြင်း၊ အချက်အလက်စုစည်းထား နိုင်မှု (Data Collection)၊ Intelli-gent Monitoring Camera- (IM Cameras) နှင့် E Police Cameras (EP Cameras)များသည် အရည်အသွေးညံ့ဖျင်းသည်ဟု မှတ်ချက်ပေးထားသည်။ စနစ်တွင် အသုံးပြုသည့် IVMS 8600 ဆော့ဖ်ဝဲမှာမူ ကောင်းမွန်သည့် အဆင့်ရှိသည် ဟု ဆိုသည်။

ယခုစမ်းသပ်မှုများ အဆင် ပြေအောင်မြင်ပါက ရန်ကုန်တိုင်း ဒေသကြီးအစိုးရက လွှဲပြောင်းရ ယူမည်ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြော သည်။

အဆိုပါစနစ်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ကော်မတီက သွားရောက်စစ်ဆေးစဉ်ကပင် မအောင်မြင်နိုင်သည်ကို သိထားသည်ဟု ၎င်းက လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

ထိုစနစ်မအောင်မြင်၍ ကျပ်ဘီလီယံ ၂၀ ပြန်ပေးမည်လားနှင့် မည်သူတွင် တာဝန်ရှိပါသလဲဟု လည်း ၎င်းက မေးခွန်းထုတ်သည်။ ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုလျှင် အသုံးစရိတ် ကျပ်လေးဘီလီယံ သာ ဘတ်ဂျက်ရချိန်တွင် ထိုစနစ်အတွက် သုံးသည့် ကျပ်ဘီလီယံ ၂၀ ကို နှမြောသည်ဟုဆိုသည်။

ဗဟိုမီးပွိုင့်အုပ်ချုပ်ရေးစနစ် ဆိုတာ ဘာလဲ

ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်း ချုပ်ရေးစနစ်အသုံးပြုရန် ဦးသိန်း စိန် အစိုးရက ကျပ်ဘီလီယံ ၂၀ အ သုံးပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုငွေကြေးပမာဏသည် ကယား ပြည်နယ်အစိုးရ နှစ်စဉ် ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းရှိသည်။

ထိုစနစ်သည် လက်ရှိ ရန် ကုန်မြို့တွင် အသုံးပြုနေသည့် မီးပွိုင့်များကို ယာဉ်ထိန်းရဲများက ခလုတ်နှိပ်၍ ထိန်းချုပ်သည့်စနစ် အစား AI အသုံးပြု၍ ဗဟိုထိန်း ချုပ်ရေးစင်တာမှ ထိန်းချုပ်ရန် ဖြစ်သည်။

ယင်းစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ပါက ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ၃၀ ရာခိုင် နှုန်းခန့် လျှော့ချနိုင်မည်ဟု YRTA က ခန့်မှန်းထားသည်။

ဦးမြင့်ဆွေ ဦးဆောင်သည့် ယခင် ရန်ကုန်တိုင်းအစိုးရက တရုတ်အစိုးရပိုင် မီးရထားကုမ္ပ ဏီ CRCC ကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်သည့် ရွှေရင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ၂၀၁၆ ဖေဖော်ဝါရီတွင် လုပ်ငန်းများ စတင်ကာ ယင်းနှစ်သြဂုတ်၌ လုပ် ငန်းပြီးစီးရမည်ဖြစ်သည်။ မပြီးစီး ပါက တစ်ရက်လျှင် ကျပ်တစ်သိန်းဒဏ်ကြေးသတ်မှတ်ခဲ့သည်။ သို့ သော် ဒဏ်ကြေးကို သိန်း ၂၀၀ ကျော်အထိသာ ပေးဆောင်ပြီး နောက်ပိုင်းတွင် ထပ်မဆောင် တော့ကြောင်း ရန်ကုန်တိုင်းစာ ရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော် ပြခဲ့သည်။

အဆိုပါ လုပ်ငန်းအတွက် တင်ဒါပေးစဉ်ကပင် ပွင့်လင်းမြင် သာမှုမရှိဘဲ အဂတိရှိကြောင်း တင်ဒါဝင်ပြိုင်ခဲ့သည့် ကုမ္ပဏီများ က ကန့်ကွက်ခဲ့သည်။

စတင်လျှောက်ထားစဉ်က ကုမ္ပဏီ ၄၀ ကျော်ပါဝင်ပြီး တင်ဒါစည်းမျဉ်းနှင့်ကိုက်ညီသည့် ကုမ္ပ ဏီ ၁၉ ခုသာ ရှိခဲ့သည်။ ၎င်းတို့ အနက် ကုမ္ပဏီလေးခုကို ဆန်ခါ တင်ရွေးချယ်ခဲ့ပြီး ရွှေရင်းကုမ္ပဏီ ကို တင်ဒါပေးခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီများ၏ ကန့်ကွက်မှုများတွင် တရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုက ရန်ကုန်မြို့ကို စီစီတီဗီ များဖြင့် စောင့်ကြည့်မည်ဖြစ်၍ မြို့တော်လုံခြုံရေး စိုးရိမ်ရသည် ဆိုသည့် အချက်လည်း ပါဝင် သည်။

တရုတ် CRCC နှင့် ရွှေရင်းကုမ္ပဏီ

ဘေဂျင်းအခြေစိုက် China Railway Construction Corpo-ration (CRCC)သည် တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဆောက် လုပ်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီ ကြီးဖြစ်သည်။

၎င်းသည် ဘေဂျင်းနှင့် ရှန် ဟိုင်းမြန်နှုန်းမြင့်ရထားလမ်း၊ ကန် ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မိုးပျံအမြန် ကားလမ်း စသည်တို့ကို ဆောက် လုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ တွင်လည်း မီးရထားအဆင့်မြှင့် ရေးလုပ်ကိုင်ခွင့်ရထားသည်။

မီးရထားနှင့် ဆောက်လုပ် ရေးကုမ္ပဏီက မြို့ပြယာဉ်ကြော ထိန်းချုပ်ရေးတွင် ဝင်ရောက်လုပ် ကိုင်ခြင်းအပေါ် နည်းပညာသမား များက မေးခွန်းထုတ်သည်။

ထို့ပြင် ပြည်တွင်း တွဲဖက် ကုမ္ပဏီဖြစ်သည့် မြန်မာ့ရွှေရင်း အင်တာနေရှင်နယ် ကုမ္ပဏီသည် လှိုင်သာယာစက်မှုဇုန်၊ ဇုန်(၄) တွင်ရှိပြီး ကုမ္ပဏီဒါရိုက်တာ လေး ဦးရှိသည်ဟု ကုမ္ပဏီများ မှတ်ပုံ တင်ဌာနတွင် ဖော်ပြထားသည်။  ရွှေရင်းအမည်ပါ အခြားကုမ္ပဏီ နှစ်ခုရှိပြီး သုံးခုစလုံးမှာ အဆိုပါ နေရာတွင်သာ အခြေပြုတည် ထောင်ထားသည်ဟု အဆိုပါဌာန က ဖော်ပြထားသည်။

ထိုလိပ်စာအရ 7Day က သွားရောက် မေးမြန်းသည့်အခါ အဆိုပါကုမ္ပဏီတွင် အအေးခန်း သိုလှောင်ရုံလုပ်ငန်းသာ လုပ်ကိုင်ပြီး နည်းပညာကုမ္ပဏီတစ်ခုမ ဟုတ်ပေ။ ကုမ္ပဏီတာဝန်ရှိသူများ ကို မေးမြန်းခွင့်တောင်းသော် လည်း တာဝန်ရှိသူများမရှိဟု တာဝန်ကျဝန်ထမ်းက ပြောသည်။

ဘယ်လိုဖြေရှင်းကြမလဲ

အဆိုပါစနစ်သည် စာချုပ် ပါ အချက်အလက်များအရ ရာ ခိုင်နှုန်းပြည့် မပြီးစီးသေးဟု ရန် ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ဆို သည်။ ပြီးစီးပါကလည်း ထိုစနစ် သည် လက်ရှိ ရန်ကုန်မြို့ ယာဉ် ကြောကျပ်တည်းမှုအတွက် မသင့် လျော်တော့ဘဲ ခေတ်နောက်ကျ သွားပြီဟု ၎င်းက ဆိုသည်။

‘‘အားနာမှုတွေ ထားပြီး ကုမ္ပဏီနာမည်ပျက်မခံချင်လို့ ဆက်တိုးနေတာ ပိုဆိုးစေတာ။ အရေးယူမှုတော့ ရှိစေချင်တယ်’’ ဟု ဦးကျော်ဇေယျက ပြောသည်။ စနစ်ကို တတိယအဖွဲ့အစည်း တစ်ခုခေါ်ယူ၍ စစ်ဆေးသင့်သည်ဟု ရန်ကုန်တိုင်းလွှတ်တော်ဘက် ၌ ယုံကြည်သူအချို့ရှိသည်။

ရန်ကုန်မြို့ မီးပွိုင့်ထိန်းချုပ် ရေးစနစ်အတွက် ကူညီလိုသော် လည်း တရုတ်ကုမ္ပဏီက ဆောင် ရွက်နေခြင်းကြောင့် ဂျပန်နိုင်ငံက ကြားဖြတ်ကူညီပေး၍ မရကြောင်းမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအ မတ်က ဆိုသည်။ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရာ တွင် အခြားနိုင်ငံများနည်းတူ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်တစ်ခု တူတူတန်တန်ရှိရန် လိုအပ်သည် ဟု နည်းပညာလုပ်ကိုင်နေသူ ဦးနေပိုင်အောင်က ဆိုသည်။

ရန်ကုန်မြို့သည် မဂ္ဂါစီးတီး တစ်ခု၊ လူဦးရေ ထူထပ်ကျပ် တည်းမြို့ဖြစ်၍ မီးပွိုင့်ဗဟိုထိန်း ချုပ်ရေးစနစ်တစ်ခု မဖြစ်မနေ လိုအပ်ပြီး ဂြိုဟ်တုစနစ်များကိုပါ ထည့်သွင်းအသုံးပြုသင့်နေပြီဟု မြို့ပြပညာရှင်များက ပြောသည်။  မြို့တော်ဝန်ဦးမောင်မောင် စိုးက ‘‘ငါက မီးပွိုင့်တပ်ပေးတဲ့သူ။ မီးပွိုင့်ထိန်းချုပ်မှု လုပ်တဲ့သူ မ ဟုတ်ဘူး’’ဟု မှတ်ချက်ပေးသည်။

No comments:

Post a Comment