Sunday, May 19, 2019

ဦးကျော်လွင် ဒဂုံအသင်းနည်းပြချုပ်ဖြစ်လာ

 မြန်မာလိဂ်ပထမ အကျော့တွင် ရလဒ်ဆိုးရွားခဲ့သည့် ဒဂုံအသင်းသည် နည်းပြဦးမင်း ကြည်နှင့် လမ်းခွဲပြီး ဧရာဝတီအသင်းနည်းပြဟောင်းဦးကျော်လွင်ကို အစားထိုးခန့် အပ်သည်။ ဒဂုံအသင်းသည် ၂၀၁၉ မြန်မာလိဂ် ပထမအကျော့ပွဲစဉ် (၁၁)အပြီးတွင် နိုင်ပွဲနှစ်ပွဲသာ ရရှိထားပြီး ကိုးပွဲရှုံးနိမ့်ကာ ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ကျရောက်နေသည်။ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းရှုံးထွက် ပြိုင်ပွဲဒုတိယ အဆင့်တွင် ဒဂုံအသင်းသည် စစ်ကိုင်းအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။



ဦးကျော်လွင်သည် ၂၀၁၈ ဘောလုံးရာသီ ကုန်ခါနီးတွင် ဧရာဝတီအသင်းနှင့် လမ်းခွဲပြီး မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။  ဦးကျော်လွင်သည် ဒဂုံအသင်းကို  လက်ကျန်ရာသီဝက်၌ တန်းမဆင်းရရေး အဓိက ဦးတည် ဆောင်ရွက်ရမည် ဖြစ်သည်။ ဒဂုံအသင်းသည် မြန်မာလိဂ် ဒုတိယအကျော့ ပွဲစဉ်(၁၂) အဖြစ် ဇွန်လ၁၆ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ယခုနှစ် ဘောလုံးရာသီ မြန်မာလိဂ်တွင် နည်းပြအပြောင်းအလဲများ  ဆက်တိုက်ဖြစ်ပေါ်ပြီး ဒဂုံအသင်းသည်   ခြောက်သင်း မြောက်  နည်းပြပြောင်းလဲခြင်း ဖြစ်သည်။ ယင်းမတိုင်မီ ချင်းလန်း၊ဧရာဝတီ၊ မကွေး၊ ရှမ်းနှင့် ရန်ကုန်အသင်းတို့လည်း နည်းပြပြောင်းလဲခဲ့သည်။

No comments:

Post a Comment