Sunday, May 19, 2019

အိမ်သုံးမီတာ တယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများရှိနေ၊ လျှပ်စစ်မီး တရားမဝင်သုံးစွဲနေမှုများကို စိစစ်ဖော်ထုတ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်များ ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ငန်းသုံးမီတာတယူနစ် ၇၅ ကျပ်မပေးဘဲ အိမ်သုံးမီတာတယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ကိုင်မှုများရှိနေပြီး အဖီအစွယ်ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်နှင့် ဆိုင်ခန်းများတွင် လျှပ်စစ်မီးကိုတရားမဝင်လိုင်းချိတ်သုံးစွဲနေမှုများရှိနေသဖြင့် စိစစ်ဖော်ထုတ်သင့်ကြောင်း တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။



''ဒါတွေက နည်းပညာပိုင်းတွေပေါ့။ မီတာတွေကိုအသေးစိတ်ကို ပြန်လုပ်ရတော့မှာ။ အခုက ရိုးရိုးသုံးက ၃၅ ကျပ်၊ ဒီထက်ပိုရင် ၅ဝ ကျပ်ဆိုတာမျိုး ကောက် တာ။ စီးပွားရေးသုံးကလည်း ၇၅ ကျပ်နဲ့ ကောက်တာပေါ့။ တချို့က စီးပွားရေးလုပ်နေတယ်။ စီးပွားရေးလုပ်နေတာမှန်ပေမဲ့လို့ အိမ်သုံးမီတာလိုပဲ တယူနစ် ၃၅ ကျပ် ပေးပြီးတော့ စီးပွားရေးလုပ်နေတာတွေ အများကြီး။ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတယ်။ အောက်ခြေနဲ့ညှိပြီးတော့ လုပ်နေတာ။ စက်ရုံအသေးစားလုပ်တယ်။ သို့သော်လည်းပဲ တကယ်တမ်းကျတော့ သူက ပါဝါမီတာလည်း မဟုတ်ဘူး။ အိမ်သုံးမီတာနဲ့ဆိုတော့ ၃၅ ကျပ်ပဲရတယ်''ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် ရန်ကင်းမြို့နယ်တွင်လည်း အမိုးအစွယ်အဖီအကျူးများဆောက်လုပ်၍ ငှားရမ်းစားနေသည့် နေအိမ်ဆိုင်ခန်းများတွင် အိမ်မကြီးမှတဆင့် လျှပ်စစ်မီးသွယ်တန်းယူခြင်း၊ နားလည်မှုဖြင့် ချိတ်ဆက်အသုံးပြုခြင်းများရှိနေကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပြောသည်။

'' Extension ထုတ်ပြီး သူတို့ တတွေသုံးနေတာက မီးကဘယ်ကရလဲ။ ဆိုင်ခန်းတွေလမ်းဘေးမှာ ထွက်ကြတယ်။ အရင်က ကလေးကစားကွင်းမှာ အခုတော့ဆိုင်ခန်းတွေဖြစ်သွားပြီ။ အဲဒီနေရာမှာလည်း သူတို့တတွေကရေရော၊ မီးရော ဘယ်ကရနေကြသလဲ။ စုံစမ်းကြည့်တော့ ရေခွန်၊ မီးခွန်ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီးတော့ စည်ပင်ကကောက်နေတယ်လို့ သိရတယ်။ ဒီလိုကောက်တာကလည်း စာရင်းဇယား အတိအကျ ဘယ်သူမှလည်း မသိဘူး။ ကောက်တဲ့ငွေကလည်း ပြည်သူ့ဘဏ္ဍာထဲ ဘယ်လိုရောက်သလဲပေါ့။ ဒီလိုမျိုးအဖီအစွယ်အပွားတွေကနေပြီးတော့ ကောက်တာဟာ ဒါကတရားဝင်မီတာလည်း မဟုတ်ဘူးလေ။ ဒါတွေက အများကြီးဖြစ်နေပြီ။ ဒီလိုမျိုးပွားထားတာတွေ ရန်ကုန်တမြို့လုံးဆိုရင် အများကြီးရှိနေနိုင်တယ်။ ဒါတွေကြောင့်လည်း လျှပ်စစ်မလုံလောက်လို့ အချိန်ပိုင်းနဲ့ မီးပေးရတာမျိုးဖြစ်နေတာပေါ့။ သုံးစွဲသူများတော့ မလုံလောက်တော့ ဒီအခြေအနေမျိုးဖြစ်လာတာပေါ့''ဟု ဒေါ်သီတာမောင်က ပြောသည်။

လက်ရှိအချိန်တွင် အစိုးရကလျှပ်စစ်ဓာတ်အားကို အရှုံးခံဖြန့်ဖြူးပေးနေရသကဲ့သို့ သုံးစွဲမှုများပြားလာ သည့်အတွက်လည်း ရန်ကုန်မြို့တွင် အချိန်ပိုင်းဖြင့်ဓာတ်အားဖြတ်တောက်ကာ ဝန်အားလျှော့နေသည်။

''အရှုံးပေါ်နေတာတော့ သိရတယ်။ ဒီလိုအရှုံးပေါ်နေတာက မီတာခနှုန်းထားနည်းနေလို့ ရှုံးတာလား၊ အလေလွင့်တွေများနေလို့ ရှုံးနေတာလားဆိုတာကတော့ စီမံချက်တခုအနေနဲ့ ဆားဗေးဆင်းပြီးတော့ လုပ်သင့်တယ်လို့ မြင်တယ်''ဟု ဒေါ်သီတာမောင်က ပြောသည်။

ရန်ကုန်မြို့တွင် ဓာတ်အားပျောက်ဆုံးယူနစ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် အဲဗားကုမ္ပဏီမှ ဒေါပုံနှင့် ပန်းဘဲတန်းမြို့နယ် ၂ ခုကို စံပြအဖြစ် ဆောင်ရွက်နေကြောင်း၊ ယင်းအတွက်ကြောင့် မြို့ နယ်တိုင်းလိုလိုတွင် ဖြစ်ပေါ်နေသည့် ပျောက်ဆုံးယူနစ်များကို အမြန်ဆုံးရှာဖွေဖော်ထုတ်သင့်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

တရားမဝင်မီတာများသုံးစွဲနေမှုများကို လာမည့်တိုင်းဒေသကြီးလွှတ်တော်တွင်မေးမြန်းသွားမည်ဖြစ်ပြီး မေးမြန်းရာတွင် ကျူးကျော်အဆောက်အဦများတွင် လျှပ်စစ်မီးများသုံးစွဲနေမှုအခြေအနေ၊ အမှန်တကယ်သုံးစွဲ နေသည့် လျှပ်စစ်ဓာတ်အားပမာဏအတိုင်း နိုင်ငံတော်မှ အခွန်ငွေရရှိခြင်းရှိ၊ မရှိနှင့် စိစစ်ဆောင်ရွက်ထားမည့် အခြေအနေများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ထည့်သွင်းမေးမြန်းသွားမည်ဟု ဒေါ်သီတာမောင် ကပြောသည်။

No comments:

Post a Comment