Sunday, May 19, 2019

လုံခြုံရေးစနစ်အဆင့် မြှင့်နေ၍ နယ်စပ်ဂိတ်ဝင်၊ ထွက်ချိန်ကို လျှော့ချဟု တရုတ်ဘက်က အကြောင်းပြန်

မြန်မာ-တရုတ်နယ်စပ်ဂိတ် ၀င်၊ထွက်ချိန်ကို တရုတ်ဘက်က လျှော့ချခြင်းသည် ၎င်းတို့နိုင်ငံအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်နေ၍ ဖြစ်ကြောင်း နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောကြားပြီး အချိန်တိုးပေးရန်မြန်မာ၏ ကမ်းလှမ်းချက်ကို လတ်တလောလက်မခံသေးပေ။ မူဆယ်တွင် နယ်စပ်ဂိတ်သုံးခုရှိ သည့်အနက်  နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်ကို ယခင်ကမြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအထိ ဝင်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅  ရက်က စတင်ကာ ည ၈ နာရီအထိ သာခွင့်ပြု၍ နယ်စပ်မှ အ၀င်၊ အထွက် ပြုလုပ်နေသူ မြန်မာနိုင်ငံသားများ အခက်အခဲတွေ့ နေသည်။
ယင်းကိစ္စညှိနှိုင်းဖြေ ရှင်းရန် မူဆယ်နှင့်ရွှေလီမြို့နယ် မှ ဌာနဆိုင်ရာ အရာရှိများပါဝင် သောနှစ်နိုင်ငံ နယ်စပ်တာဝန်ရှိ သူများသည် မေလ ၁၇ ရက် ညက တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ‘‘မနေ့က အဖြေတော့ ချက်ချင်းမထွက်ဘူး။ ကျွန်တော်တို့ တောင်းဆိုတာလည်း မလိုက်လျောဘူးတော့ မဟုတ်ဘူး။ ညှိနှိုင်းဦးမယ်ပေါ့’’ ဟု ဆွေးနွေးပွဲတွင်တရုတ်က အကြောင်းပြန်သည့် အပေါ် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံအတွင်း စက်၊နည်းပညာများဖြင့် လုံခြုံရေးအဆင့်မြှင့်နေ၍  အချိန်ပြောင်းလဲ ခြင်း ဖြစ်သည်ဟု အထက်ပါအရာ ရှိက ရှင်းပြသည်။

မူဆယ်ရှိ နယ်စပ်ဂိတ်ဝင်၊ ထွက်ချိန် လျှော့ချသည့်သတင်းကို တရုတ်ဘက်က မေလ ၁၄ ရက်တွင် ကြေညာပြီး မေလ ၁၅ ရက်၌ စတင်အကောင်အထည် ဖော်ခဲ့သည်။  မြန်မာများ အခက်အခဲ တွေ့နိုင်သောကြောင့် ပညာပေးကာလသတ်မှတ်၍ ဆောင်ရွက်ရန်နှင့် လတ်တလော အကောင်အထည် မဖော်သေးရန် မြန်မာဘက်က ကန့်ကွက်ထားသော်လည်း တရုတ်က ကြေညာထားသည့်အ တိုင်း အချိန်စော ပိတ်ခဲ့သည်။ တရုတ်၏ အထက်ပါ လုပ်ရပ်ကို လက်မခံနိုင်သော မြန်မာနိုင်ငံသားအချို့က မေလ ၁၇ ရက်နံနက်တွင် နယ်စပ်ဂိတ်ကိုကားဖြင့်ပိတ်၍ ဆန္ဒထုတ်ဖော်ခဲ့ရာ တရုတ်လ၀က အရာရှိက မြန်မာပိုင်နက်အတွင်းဝင်၍ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရန်ကြိုးစားခဲ့ သည်။ ‘‘အခုလို အချိန်အတိုင်းသာ သတ်မှတ်ထားရင် လုံးဝ အဆင်မပြေဘူး။ သူတို့(တရုတ်)က နယ်စပ် ဂိတ်ကိစ္စကို သိသာအောင် ကြေညာတာလည်း မဟုတ်ဘဲ ထ လုပ်တာ’’ဟု မေလ ၁၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့သော ကိုစိုင်းနောင်က ပြောသည်။

No comments:

Post a Comment