Sunday, May 19, 2019

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ မေ ၂၄ ရက်၌ အပစ်ရပ်ရေး ဆွေးနွေးမည်

အစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော ကချင်အဖွဲ့(KIA)၊ တအာင်း(ပလောင်)အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့သည် အပစ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကို မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က မေ ၁၈ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။



''မေ၂၄ရက်နဲ့ ၂၅ ရက်မှာတွေ့မယ်။ အရင်တစ်ခါဆွေးနွေးတဲ့ အပစ်ရပ်ရေးကိစ္စကိုပဲ ဆက်ပြီးဆွေးနွေးမှာပါ။ လက်နက်ကိုင် တွေဘက်က စာကြမ်းတွေ ထုတ်ပြီးသားဖြစ်တယ်။ အဲဒီစာကြမ်းအပေါ်မှာ နှစ်ဖက်သဘောတူနိုင်တဲ့ဟာကို ပြန်ပြီးဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သဘောတူပြီးရင်တော့ အပစ်ရပ်လက်မှတ်ရေးထိုးကြမယ် အနေအထားမျိုးပါ''ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က ပြောဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှုနှင့်ပတ်သက်၍ မည်သည့်နေရာတွင် တွေ့ဆုံမည်ကိုညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ တွေ့ဆုံမှုအား ကချင်ပြည်နယ်အတွင်း ဖြစ်နိုင်သကဲ့သို့ ရှမ်းပြည်နယ်ဘက်တွင်လည်း ဖြစ်နိုင်ကြောင်း၊ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင်အစိုးရအဖွဲ့သာ တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်က မတက်ရောက်ခဲ့သဖြင့် ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်ဘက်က တက်ရောက်ရန်တောင်းဆိုထားပြီး တပ်မတော် တက်ရောက်မှသာ ဆွေးနွေးမှု ပြီးပြတ်နိုင်မည်ဖြစ်ကြောင်းလည်းဦးဆန်းအောင်က ပြောဆိုသည်။

ယခုတစ်ခေါက်တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၉ခုနှစ် ဧပြီ ၃၀ ရက်တွင် မူဆယ်မြို့၌ အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်ပေးအပ်ထားသည့် နှစ်ဦးနှစ်ဖက်အပစ်ရပ်စဲရေးစာချုပ် (Bilateral Ceasefire Agreement)ပါ အချက်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း တအာင်း (ပလောင်)လက်နက်ကိုင်အဖွဲ့ (TNLA)မှ ဗိုလ်မှူးချုပ်တာဖုန်းကျော်ကပြောဆိုသည်။

''ဒီတစ်ခေါက်တွေ့ဖြစ်ရင်တော့ ပဏာမအပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ ပေးထားတဲ့ အဆိုပြုလွှာတွေကို သူတို့ဘယ်လိုသဘောထားလဲ။ သူတို့ဘက်က အဆိုပြုလွှာရှိရင်လည်း ကျွန်တော်တို့ကို ပြန်ပေး။ နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမယ်လို့တော့ မျှော်လင့်ပါတယ်။ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့က ပဏာမအပစ်အခတ်ရပ်စဲရေးလုပ်ချင်တယ်။ အခု ကျွန်တော်တို့ လေးဖွဲ့ဆွေးနွေးတယ်ဆိုတော့ ဘယ်အဖွဲ့ကိုမှ မချန်ထားဘဲနဲ့ အထူးသဖြင့် ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ပြီးတော့မှ AA အပါအ၀င် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပဏာမအဆိုပြုချက်ကို ပေးထားတာဖြစ်ပါတယ်။အဲဒါကိုမြန်မာ့တပ်မတော်ဘက်က ဘယ်လိုတုံ့ပြန်မလဲတော့ မသိသေးဘူးပေါ့။ အဲဒီအပေါ်မှာပဲ မူတည်မှာပါ''ဟု၎င်းက ပြောဆိုသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုအရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက် တပ်မတော်က မူလ သတ်မှတ်ထားသည့် စစ်တိုင်းငါးတိုင်း၌ လေးလကြာအပစ်ရပ်ထားမှုသည် ဧပြီ ၃၀ ရက်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း အပစ်ရပ်ကာလသက်တမ်းကို နှစ်လထပ်တိုး၍ ဇွန် ၃၀ ရက်အထိသတ်မှတ်ထားသည်။

No comments:

Post a Comment