Sunday, May 19, 2019

တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေဟုဆို

တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများက ပြောကြားသည်။ေ မ ၁၈ ရက်က ရန်ကုန်မြို့ အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် ကျင်းပသော ပညာရေး ဝန်ထမ်းများ ထိခိုက်နစ်နာ ဆုံးရှုံးနေမှုများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်ကြားသူ၏ အမည်၊ လိပ်စာ အချက်အလက်များ မပါရှိသည့် ပစ်စာများကြောင့် တိုင်ကြားခံရသည့် ဆရာ ဆရာမများ အနေဖြင့် ပြစ်မှုကျူးလွန်သည်ဖြစ်စေ ပြစ်မှုမကျူးလွန်သည်ဖြစ်စေ စစ်ဆေးစဉ်ကာလမှစ၍ ၎င်း၏ ဂုဏ်သိက္ခာပိုင်းအရ ကျဆင်းမှုရှိကြောင်း အ.မ.က (မယ်ဂျာ) မှ မူလတန်းကျောင်းအုပ် ဦးဇော်ဇော်က ပြောကြားသည်။


“ခေါ်ပြီး အစစ်ခံရကတည်းက ဘယ်ရွာက ကျောင်းအုပ်ကတော့ အစစ်ခံနေရပြီ။ ဘယ်မြို့နယ်က ပညာရေးမှူးကတော့ အစစ်ခံနေရပြီ စသဖြင့် ပထမဆုံး အပြစ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂုဏ်သိက္ခာ စကျပြီ။ ဒါ ပထမဆုံး ကျွန်တော်တို့ ပေးဆပ်ရတဲ့ ပုံရိပ်ဆုံးရှုံးမှု။ ဒါက မဟုတ်ဘူး။ တိုင်ကြားတဲ့သူက လီဆယ်ပြီး တိုင်လို့ဆိုရင် အဲဒီလူကို ကျွန်တော်တို့က ဘယ်လိုသွားရှာမလဲ။ ဘာတာဝန်ခံ တာဝန်ယူမှုမှ မရှိတဲ့လုပ်ရပ် တစ်ခုလို့ ကျွန်တော်က မြင်ပါတယ်” ဟု အ.မ.က (မယ်ဂျာ) မှ မူလတန်းကျောင်းအုပ် ဦးဇော်ဇော်က ပြောကြားသည်။

ဆရာ ဆရာမများ ဖြစ်သောကြောင့် လီဆယ်အတိုင်ခံရသည် ဖြစ်စေကာမူ ရပ်ကွက်၊ ကျေးရွာရှိ လူများ၏ ယုံကြည်မှုပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုရှိကြောင်း ၎င်းက ပြောကြားသည်။

ပစ်စာဆိုသည်မှာ တိုင်ကြားသူအမည်၊ လိပ်စာမပါဝင်ဘဲ တစ်စုံတစ်ယောက်အား တိုင်ကြားသော စာဖြစ်သည်။ ထိုသို့ တိုင်ကြားသူနာမည်၊ လိပ်စာ မပါရှိသောကြောင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှု ရှိပါကလည်း ချောက်တွန်း တိုင်ကြားမှုများ ရှိကြောင်း သိရသည်။ ပြစ်မှုရှိ၍ တိုင်ကြားမည် ဆိုပါက ပစ်စာဖြင့် မဟုတ်ဘဲ တာဝန်ခံမှုရှိသော တိုင်ကြားမှုနှင့် တိုင်ကြားသင့်ကြောင်း လပွတ္တာမြို့နယ်မှ မူလတန်းကျောင်းအုပ် တစ်ဦးက ပြောကြားသည်။

“အရေးယူ ဆောင်ရွက်မှု လုပ်တဲ့နေရာမှာ အခုဆို အဂတိရုံးတွေလည်း ရှိနေတာပဲ။ လူနာမည်၊ မှတ်ပုံတင် နံပါတ်တွေနဲ့ ဒီလိုမျိုး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ တိုင်ကြားမှုမျိုးနဲ့ တိုင်ကြားစေချင်တယ်” ဟု ၎င်းက ပြောကြားသည်။

ယခုလအတွင်း မော်လမြိုင်ကျွန်း ပညာရေးမှူး ဦးမြင့်သွင်အား ပညာရေး ကူညီထောက်ပံ့ရေးအဖွဲ့က ဝန်ထမ်းများထံမှ ကျပ် ၅၀၀ စီ ကောက်ခံနေခြင်းကို သိလျက်နှင့် မထိန်းချုပ်၊ အရေးမယူသဖြင့် ပစ်စာဖြင့် တိုင်ကြားသဖြင့် စစ်ဆေးမေးမြန်းပြီး ရာထူးလျှော့ပြစ်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ မြို့နယ်တွင်ရှိသည့် ဆရာ ဆရာမများက ထိုသို့ကောက်ခံရခြင်းသည် ပညာရေးမှူး ဦးမြင့်သွင်က လက်မခံဘဲ တားဆီးခဲ့သော်လည်း မြို့ခံကျောင်းအုပ်ကြီးများ၏ တောင်းဆိုချက်အရ လိုက်လျောခဲ့ခြင်း ဖြစ်သဖြင့် အပြစ်မရှိဟု ဆရာ ဆရာမ အသိုင်းအဝိုင်းတွင် သုံးသပ်မှုများ ရှိနေသည်။

No comments:

Post a Comment