Sunday, May 19, 2019

နာမည်ကျော် ဘော်လီဘောကစားသမား Lang Ping ၏ အတ္ထုပ္ပတ္တိဇာတ်ကားတွင် ဂေါင်းလီ ပါဝင်မည်

တရုတ်ထိပ်တန်း အမျိုးသမီးသရုပ်ဆောင် ဂေါင်းလီသည် ဟောင်ကောင်ဒါရိုက်တာ ပီတာချန်းရိုက်ကူးမည့် ဇာတ်ကားတွင် တရုတ်၏နာမည်ကျော် ဘော်လီဘောကစားသမား Lang Ping အဖြစ် သရုပ်ဆောင်မည်ဟု Hollywood Reporter က မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ချန်း၏ We Picture ရုပ်ရှင်လုပ်ငန်းနှင့် ပေကျင်းအခြေစိုက် JQ ရုပ်ရှင်လုပ်ငန်းတို့က စီစဉ်ထုတ်လုပ်မည့် ယင်းဇာတ်ကားကို တိုကျို၌ ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပမည့်အချိန်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။ Women in Motion ဆု လက်ခံရယူရန် ကိန်းရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေသည့် ဂေါင်းလီသည် ယင်းဇာတ်ကားရိုက်ကူးရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သည်။
တရုတ်ဘော်လီဘော ကစားသမားများသည်လည်း ယင်းဇာတ်ကားတွင် အဓိကဇာတ်ကောင်များအဖြစ် ပါဝင်မည်ဖြစ်သည်။ Lang Ping သည် တရုတ်၏ ထင်ရှားသည့် အားကစားသူရဲကောင်းများထဲမှ တစ်ဦးဖြစ်ပြီး ဘော်လီဘောကစားခဲ့သည့် ကာလများအတွင်း Iron Hammer ဟု အမည်ပြောင်ခေါ်ဆိုခံခဲ့ရသည်။Lang သည် ၁၉၈၄ ခုနှစ် လော့စ်အိန်ဂျလိစ်၌ ကျင်းပခဲ့သည့် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းကို နိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် တရုတ်အမျိုးသမီး ဘော်လီဘောအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ Lang သည် နည်းပြပိုင်းကို ကူးပြောင်းခဲ့ပြီး ၂၀ဝ၈ ခုနှစ် ပေကျင်းအိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန် ဘော်လီဘောအသင်းအတွက် ငွေတံဆိပ်ဆုနှင့် ၂၀၁၆ ခုနှစ် ရီယိုဒီဂျနေးရိုး အိုလံပစ် အားကစားပြိုင်ပွဲတွင်  တရုတ်ဘော်လီဘောအသင်းအတွက် ရွှေတံဆိပ်ဆုရရှိအောင် လေ့ကျင့်ပေးခဲ့သည်။ အသက် ၅၈ နှစ်အရွယ်ရှိ  Lang သည် အိုလံပစ် အားကစား ပြိုင်ပွဲတွင် ကစားသမားနှင့် နည်းပြအဖြစ် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

No comments:

Post a Comment