Sunday, May 19, 2019

ဆေးကုစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်က မွေးကင်းစ(၆)ရက်သားကလေးငယ်အား စွန့်ပစ်မှု ဖျာပုံမြို့ ၌ ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ တွင် မွေးကင်းစ (၆)ရက်သာရှိသေးသော ကလေးတစ်ဦးကို ဆေးကုသစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်ဖြစ်သူက စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
 ဖျာပုံမြို့ ၊ (၅)လမ်းနှင့် ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှ ထွက်သည့်ခေါက်ဆွဲကြော်ဆိုင်၏ ဆိုင်ခုံဘေးကြမ်းပြင်တွင် မွေးကင်းစကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထားကြောင်း အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိရသဖြင့် ဖျာပုံမြို့ မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ကနဦးသတင်းအဖြစ် သိရသည်။
ယင်းကဲ့သို့ ဆက်သွယ်မှုကြောင့် ဖျာပုံရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ နယ် ရင်ခွင်မဲ့ကလေးငယ်လျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက အတူတကွလာရောက်ကြည့်ရှုခဲ့ကြပြီး ကလေးငယ်မှာ ဝဲဘက်မျက်လုံးမပါ၊ နှာခေါင်းပေါ်တွင် အသားပို ကွမ်းသီးလုံးခန့်ပါရှိကြောင်းနှင့် အသက်ရှင်လျက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖျာပုံမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကလေးစွန့်ပစ်သူအကြောင်း သွားရောက်စုံစမ်းရာတွင် ဖျာပုံမြို့ နယ်၊သလိပ်ကြီးကျေးရွာအုပ်စု၊ ဖိုးစွာကျေးရွာနေ မဝင်းပပ အသက်(၁၉)နှစ်ဆိုသူက မေလ (၁၃)ရက် နံနက် (၈)နာရီအချိန်ခန့်တွင် ကလေးမွေးဖွားပြီး မေလ (၁၈)ရက် နံနက်(၁၁)နာရီအချိန်ခန့်တွင် ဆေးရုံမှဆင်းသွားကြောင်း သိရသည်။ ယင်းနောက် သလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းနှင့် နယ်မြေမှူးများပါဝင်သောအဖွဲ့က ဖိုးစွာကျေးရာသို့ သွားရောက်၍ မိခင်ဖြစ်သူ မပပဝင်းအား ၎င်းနေအိမ်၌မေးမြန်းခဲ့ရာတွင် မိခင်ဖြစ်သူ မပပဝင်းက ၄င်းအနေဖြင့် '' ဆေးကုသစရိတ်မရှိ၍ ကလေးအား စွန့်ပစ်ခဲ့ကြောင်း " သက်သေများရှေ့တွင် ပြောပြခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦးအား လုံးဝစွန့်ပစ်ရန် ကြံစည်မှုဖြင့် မိခင်ဖြစ်သူ မဝင်းပပအား အမှုဖွင့်အရေးယူနိုင်ရန် ဖျာပုံမြို့ မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment