Sunday, May 19, 2019

တတိယ အဖွဲ့အစည်းဖြစ်သော E-Guard က တီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့ ငြင်းဆိုခဲ့

တတိယ အဖွဲ့အစည်းဖြစ်သော E-Guard မှတီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့မှ ငြင်းဆိုလိုက်ကြောင်း ဦးအောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ဒေသ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ လူထုတွေ့ဆုံပွဲ Public Consultation ကို တီကျစ်ကျေးရွာအုပ်စု တောင်ပို့ကြီးကျောင်းတိုက်တွင် မေ ၇ ရက်တွင် တတိယ အဖွဲ့အစည်းဖြစ်သည့် E-Guard အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်
လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တီကျစ်စက်ရုံမှူးနှင့် ဝူရှီဝှာကွမ်း ကုမ္ပဏီ တာဝန်ရှိသူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ရန်ကုန်၊ မန္တလေးတို့မှ မီဒီယာ အဖွဲ့များ တက်ရောက်ခဲ့ခြင်းဖြစ်ကာ နံနက် ၁၀ နာရီမှ စတင်၍ မွန်းလွဲ ၁ နာရီထိ ဆွေးနွေးခဲ့ပြီးနောက် MATA အဖွဲ့မှ ဦးဆောင်၍ စက်ရုံတွင်းသို့ လှည့်လည်စစ်ဆေး ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဆုံးဖြတ်ချက် ရေရာစွာ မရရှိခဲ့ဘဲ လိပ်ခဲတည်းလည်းဖြင့် ပြီးဆုံးခဲ့ရခြင်းဖြစ်ကာ E-Guard မှ မေ ၁၃ ရက် နေ့စွဲဖြင့် တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သဖြင့် အဆိုပါ ထုတ်ပြန်ချက်သည် မှားယွင်းနေကြောင်း MATA အဖွဲ့မှ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့က ဒါအောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ပြောတယ်။ ဒါဟာ EIA-SIA ကိစ္စတွေမှာ မပြည့်မစုံနဲ့ ပြီးဆုံးသွားတာ။ ရေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်နေတာလဲ မပါဘူး။ ပြာတွေကို စွန့်ပစ်ပုံနဲ့ ပြာတွေကို ဘယ်လိုစီမံခန့်ခွဲ သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ တစ်ခုမှ မပါလာဘူး။ ဒါဟာ ပြည့်စုံတဲ့ EIA အစီရင်ခံစာကောင်းတစ်ခု မဟုတ်ဘူးလို့ မြင်တယ်။ ရေနဲ့လေနဲ့ စမ်းသပ်ထားတာတွေ သိပ်ပြီးမဟုတ်ဘူး။ သဘောတူတယ်၊ သဘောမတူဆိုတာ ၀ိဝါဒ ကွဲစရာတွေ ထပ်ပြီး ဆွေးနွေးရမယ့် အကြောင်းတရားတွေသာ ဖြစ်တယ်။ ဒါအောင်မြင်စွာ ပြီးဆုံးတာ မဟုတ်ဘူး။ လုပ်ငန်းစဉ်သာပြီးတယ်။ E-Guard ကလုပ်တဲ့ အစီရင်ခံစာဟာ တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်စေမယ့် အစီရင်ခံစာကောင်းတစ်ခု မဟုတ်ဘူးဆိုတာ ပြောတယ်။ တိုင်းပြည်တွင် တရားဥပဒေ စိုးမိုးရေး ဟုသာ ပြောနေပြီး လူတွေက ရဲတပ်ဖွဲ့နဲ့ ဒုစရိုက်မှု လုပ်ငန်းတွေပဲ မြင်နေတယ်။ စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် ဥပဒေကို လူတွေက လိုက်နာမှ တရားဥပဒေ စိုးမိုးရေး ဆိုတာဖြစ်မှာ အစိုးရက ဒီဥပဒေတွေကို အကာအကွယ် ပေးပြီးတော့ လုပ်နေတာ” ဟု MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက ပြောကြားသည်။

အဆိုပါ ကျောက်မီးသွေး စက်ရုံများသည် နမူနာကောင်းတစ်ရပ် အနေဖြင့် အသုံးပြုကြရန် တိုက်တွန်းနေကြပြီး စွမ်းအင် လိုအပ်ချက်များအရ ဈေးနှုန်းသက်သာသည့် ကျောက်မီးသွေးများ အသုံးပြုကြရန် တိုက်တွန်းနေကြသလို တစ်ဖက်တွင်လည်း ကျောက်မီးသွေးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများစွာ ဖြစ်နေပြီး ဒေသတွင်း ကန့်ကွက်နေကြသော ပဋိပက္ခများစွာ ဖြစ်ပွားနေခြင်းများလည်း ရှိနေခြင်းတို့တွင် တတိယ အဖွဲ့အစည်း အနေဖြင့် အကောင်းဆုံး ဆောင်ရွက်သင့်သည့် အခြေအနေတွင် ပြည့်စုံကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲသည် Public Consultation အစစ်အမှန် မဟုတ်ကြောင်း MATA အဖွဲ့က ပြောကြားသည်။

တီကျစ်စက်ရုံ ရပ်တန့်ရေးနှင့် ဧဒင်မိုင်းတွင်း ပိတ်သိမ်းပေးရေးအတွက် တီကျစ်ဒေသခံပေါင်း နှစ်ထောင်ကျော်တို့သည် ဧပြီ ၆ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လူထုတွေ့ဆုံ အကြံဉာဏ်ရယူပွဲတွင် ထိုဆန္ဒဖော်ထုတ်ခြင်း ကိစ္စများကို တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘဲ ဆွေးနွေးချိန်လည်း အင်မတန် နည်းပါးခဲ့သဖြင့် အားမရကြောင်း ကိုဧပရယ်ဂျူးဂျူးက ပြောကြားသည်။

အဆိုပါ လူထုအကြံဉာဏ်ရယူပွဲတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် E-Guard အဖွဲ့တို့မှ လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့ကြပြီး နောက် MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက မေးခွန်းပေါင်း ၁၀ ခုကျော်ကျော်ကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားရာတွင် လိမ်ညာမှုများသာ ဖြစ်ကြောင်း၊ နှစ်ကြိမ်တိုင်တိုင်ထ၍ ကန့်ကွက်ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး တိကျရေရာသော အဖြေကို ရရှိခဲ့ခြင်း မရှိဘဲ ပြီးဆုံးခြင်းဖြစ်ကြောင်း သိရသည်။

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကြီး စမ်းသပ်လည်ခြင်း နှစ်နှစ်တာ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယခုအခါ တတိယ အဖွဲ့အစည်းဖြစ်သော E-Guard အဖွဲ့မှ လူထုအကြံဉာဏ်ရယူခြင်းကို လုပ်ဆောင်ပြီး တတိယနှစ် စမ်းသပ်လည်ပတ်ခွင့် ရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ လူထုအကြံဉာဏ် ရယူခြင်းသည် နှစ်ဖက် အပြန်အလှန် အငြင်းပွားမှုနှင့်သာ အဆုံးသတ်ခဲ့ကြပြီး တိကျရေရာသော အဖြေတစ်စုံတစ်ရာ မရခဲ့ဘဲ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ ပြီးဆုံးခဲ့ရကြောင်း တက်ရောက်လာသည့် အဖွဲ့အစည်းများက ပြောကြားသည်။

တီကျစ်ဒေသတွင် ကျောက်မီးသွေး၊ မိုင်းတွင်းနှင့် စက်ရုံတို့မှ စွန့်ပစ်သော ပြာများကြောင့် လေထုနှင့် ရေထု ညစ်ညမ်းပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျန်းမာရေး ထိခိုက်မှုများစွာ ရှိနေကြောင်း၊ လူမှုဘဝ ထိခိုက်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများစွာ ရှိနေခြင်း ဖြစ်ကြောင်း MATA အဖွဲ့က နောက်ဆုံးလေ့လာ တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

No comments:

Post a Comment