Sunday, May 19, 2019

ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း ကျောက်တွင်းကျေးရွာ အနီးရှိ ကမ်းခြေပေါက် မြေဧက ၃၇၀ ကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်ရန် NAN YI MON AUNG GEMS Co.,Ltd. က လျှောက်ထားမှုအပေါ် မေ ၃၁ ရက်အထိ ကန့်ကွက်လွှာခေါ်ယူ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း ကျောက်တွင်းကျေးရွာအနီးရှိ ကမ်းခြေပေါက်မြေ ဧက ၃၇၀ ကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်ရန် NAN YI MON AUNG GEMS Co.,Ltd. က လျှောက်ထားမှုအပေါ် မေ ၃၁ ရက်အထိ ကန့်ကွက်လွှာ ခေါ်ယူထားကြောင်း သိရသည်။ ကျောက်တွင်းကျေးရွာ အုပ်စုကွင်း အမှတ် (၆.o.s.s) ကျောက်တွင်း ကြေးတိုင်ပြင်ကွင်း၌ ဧရိယာ ဧက ၃၇၀ ရှိသော မြေလွတ် မြေလပ်နှင့် မြေရိုင်းတွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေးလုပ်ငန်း၊ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းများ၊
ရေပေါ်ရေအောက် ကစားကွင်းများနှင့် ဟိုတယ်စီမံကိန်း ဆောင်ရွက်ရန်အတွက် NAN YI MON AUNG GEMS Co.,Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက လုပ်ကိုင်ခွင့်ရရှိရေး လျှောက်ထားသဖြင့်မေ ၃၁ ရက်အထိ ကန့်ကွက်နိုင် ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ပြီးခဲ့သည့် မေ ၂ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

“အစ်ကိုတို့ဆီကနေ ၂ ရက် ၅ လ ၂၀၁၉ ကနေပြီး စာထွက်ထားတယ်။ ကန့်ကွက်လွှာက ၃၁ ရက် ၅ လ ၂၀၁၉ မှာကုန်မယ်။ သူတို့ လျှောက်တာက ဧက ၃၇၀၊ ကျောက်တွင်းရွာ သူတို့ဒေသခေါ်အရ သဲအော်ဆိုလားပဲ။ ကုမ္ပဏီကတော့ NAN YI MON AUNG GEMS Co.,Ltd. လို့ခေါ်တယ်။ အခုလျှောက်တာ အဲဒီတစ်ခုပဲ။ ပွင့်လင်းမြင်သာစွာရှိတဲ့ နေရာ၊ မြေတည်ရှိနေတဲ့နေရာ၊ အများပြည်သူတွေ သိရှိနိုင်တဲ့ နေရာတွေမှာ ကပ်ခိုင်းထားတာတော့ရှိတယ်။ အစ်ကိုတို့ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ စာထွက်ပေးရတာပေါ့။ အဲဒီစာထဲမှာလည်း ပါတယ်။ ကျေးရွာမှာလည်း ကပ်ပြီးပြီ။ အစ်ကိုတို့ ဆီမှာလည်း ကပ်ပြီးပြီ။ ထွေအုပ်မှာလည်း ကပ်ထားပြီးပြီ။ လောလောဆယ်ကတော့ အခု ဒီနေ့အထိ ကန့်ကွက်လွှာတော့ မတက်လာသေးဘူး။ တစ်ယောက်တော့ လာဆွေးနွေးတာရှိတယ်” ဟု လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအောင်ထွေးက ပြောကြားသည်။

NAN YI MON AUNG GEMS Co.,Ltd. ကလျှောက်ထားခဲ့သည့် မြေနေရာမှာ ကျောက်တွင်းကမ်းခြေနှင့် ဆင်ထောင့်ကမ်းခြေ အကြားရှိ ကမ်းခြေပေါက်မြေနှင့် ဥယျာဉ်ခြံများဖြစ်ပြီး ယင်းမြေများအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ကုမ္ပဏီက ဒေသခံများထံမှတစ်ဆင့် စရန်ပေး၍ ဝယ်ယူထားပြီး လက်ရှိတွင် ဒေသခံများနှင့် မြေဝယ်ယူ ထားမှုအတွက် ပြဿနာအချို့ ရှိနေကြောင်း၊ ယင်းအတွက် ကုမ္ပဏီနှင့် ဒေသခံများ ညှိနှိုင်းနေဆဲဖြစ်ပြီး အဆင်မပြေပါက ကုမ္ပဏီ၏ လျှောက်ထားမှုအပေါ် ကန့်ကွက်သွားရန် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ကန့်ကွက်လွှာတော့ မတင်သေးဘူး။ ကုမ္ပဏီဘက်က ဘယ်လိုလိုက်လျောပေးမယ် ဆိုတာ ညှိနေတုန်းပဲ။ ကန့်ကွက်စာကတင်ဖို့ အစီအစဉ်တော့ ရှိတယ်။ ရက်ပေါင်း ၃၀ အတွင်းမှာ သူတို့နဲ့ညှိလို့ အဆင်မပြေဘူး ဆိုရင်တော့ (ကန့်ကွက်စာ) တင်ဖို့ အစီအစဉ်တော့ ရှိတယ်။ ကျွန်တော်တို့နဲ့ (ကုမ္ပဏီတို့) အပေးအယူစာချုပ် လုပ်ထားတုန်းက ဘယ်အချိန် ဘယ်ကာလမှာပေးမယ် ဆိုတာလေးတွေရှိတယ်။ အခုအချိန်မှာ သူတို့က ဘာမှမပြောဘဲ ဘလိုင်းကြီး ဧက ၃၇၀ စလုံး လျှောက်လိုက်တော့ လက်ရှိရွာသားတွေကလည်း မကျေနပ်ဘဲ ဖြစ်နေတယ်။ ဒီဆုံးရှုံးနစ်နာမယ့်ဟာကို ဘယ်လိုလုပ်ပေးမလဲဆိုတာ ကျွန်တော်တို့ ညှိနေကြတယ်။ အပေးအယူ ဆိုတာက ပထမ စာချုပ်ထဲမှာ ပွင့်လင်းရာသီရောက်ရင် မြေယာတိုင်းတာပြီးတော့ ၅၀ ရာခိုင်နှုန်း ရှင်းမယ်။ ဒုတိယ ၂၅ ရာခိုင်နှုန်းသွားမယ်။ နောက်တစ်လ ၂၅ ရာခိုင်နှုန်းသွားမယ်။၂၀၁၇ ခုနှစ် ၆ လပိုင်း ၇ လပိုင်းလောက်က ဧက ၃၇၀ အတွက် စရန်ပေးထားတယ်။ စရန်ကတော့ တချို့လည်း သိန်း ၅၀ ရှိတဲ့သူလည်း ရှိတယ်။ ၁၀၀ ရှိတဲ့သူလည်း ရှိတယ်။ ၁၅၀ ယူတဲ့သူလည်း ရှိတယ်။ ဧကများတဲ့သူလည်း ဧကများသလောက်ပေါ့။ လက်ရှိရောင်းထားတဲ့ သူတွေကို ဆွေးနွေးပြီး သူတို့ရဲ့လိုအပ်ချက်၊ ပြီးတော့ ဟိုဘက်ကုမ္ပဏီက လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို သွားညှိမယ်။ ပြီးတော့မှ သူတို့သဘောထားကိုယူပြီး ကန့်ကွက်ဖို့ လုပ်သင့် မသင့် စဉ်းစားမယ်” ဟု ကျောက်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမောင်ဦးက ပြောကြားသည်။

ကုမ္ပဏီက လျှောက်ထားခဲ့သည့် မြေ ၃၇၀ ဧကစလုံးမှာ ဒေသခံရွာသားများ၏ ဓားမဦးချ နေရာများဖြစ်ပြီး ကုမ္ပဏီနှင့် အပေးအယူစာချုပ် ချုပ်ဆိုခဲ့စဉ်က တစ်ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ဆုံးဖြတ်ထားခဲ့ကြောင်း၊ ယင်းမြေများမှာ စာရွက်စာတမ်းများ မရှိသော်လည်း အောက်ခြေတွင် တောင်သူများ ဓားမဦးချ လုပ်ကိုင်လာသည့် မြေများဖြစ်ပြီး ဌာနဆိုင်ရာများနှင့် မြေစာရင်းက ခြောက်လအတွင်း မြေလွတ် မြေရိုင်းများအား လျှောက်ရမည်ဟုဆို၍ လျှောက်ထားခဲ့သော်လည်း ဌာနဆိုင်ရာများက မလုပ်ပေးခဲ့ကြောင်း၊ ယင်းမြေနေရာမှာ ဒေသခံ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့်နေရာ မဟုတ်ဘဲ ဥယျာဉ်ခြံမြေ များသာဖြစ်ပြီး မြေစာရင်း မြေပုံအတွင်း၌ မြေလွတ်မြေရိုင်း ဖြစ်နေသော်လည်း အောက်ခြေတွင် ဥယျာဉ်ခြံမြေများသာ ဖြစ်ကြောင်း ဦးမောင်ဦးက ပြောကြားသည်။ ကျောက်တွင်းကျေးရွာ အနီးရှိ ကမ်းခြေပေါက်မြေ ၃၇၀ ဧကကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ် စီမံကိန်းများ ဆောင်ရွက်ရန် လျှောက်ထားခဲ့သည့် NAN YI MON AUNG GEMS Co.,Ltd. မှာ Excellent Fortune Development Group Co.,Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်း ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက လက်ရှိလျှောက်ထားခဲ့သည့် နေရာအနီး ဆင်ထောင့်ကမ်းခြေအငူ မြေ ၁၃၈ ဧကကိုလည်း နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လျှောက်ထားခဲ့ဖူးကြောင်း သိရသည်။ ထိုစဉ်က Excellent Fortune Development Group Co.,Ltd. အုပ်စုက လောင်းလုံးကမ်းရိုးတန်းရှိ ကျွန်းနှင့် ကမ်းခြေမြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထားမှု လေးခုရှိခဲ့ပြီး ယင်းနေရာများမှာ ဒေသခံ ရေလုပ်သားများ အဓိကမှီခိုရာ နေရာဖြစ်သော ပဲ့စင်ကျွန်း မြေဧက ၁၄၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများ၊ ဟိုတယ်နှင့် အိမ်ရာ စီမံကိန်း ဆောင်ရွက်ရန်အတွက် Excellent Fortune Development Group Co.,Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက လည်းကောင်း၊ ကျောက်တွင်း ကျေးရွာအနီး ကျောက်တွင်းကမ်းခြေ အငူမြေ ၁၃၈ ဧက ကိုလည်း နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လည်းကောင်း၊ ပညစ်ကျေးရွာအနီးရှိ ကျွန်းတစ်ခုမြေ ၁၁ ဒသမ ၉၉ ဧကအား ဟိုတယ်နှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် စိုးနိုင်ဖြိုး ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြင့် လည်းကောင်း၊ စမ်းလှမ်းအနီးရှိ ကျွန်းမြေ ၇ ဒသမ ၉၈ ဧကအား နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် First Golden Dragon Construction Co.,Ltd. ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီက လည်းကောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ပြီး ထိုသို့လျှောက်ထား လာမှုအပေါ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်အတွင်း ကန့်ကွက်လိုပါက ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း လောင်းလုံးမြို့နယ် မြေစာရင်း ဦးစီးဌာနက ကြေညာခဲ့ဖူးသည်။ ထိုသို့ ကြေညာခဲ့ပြီးနောက် လျှောက်ထားခဲ့သည့် နေရာအချို့မှာ ဒေသခံ ရေလုပ်သားများ၏ မှီခိုရာနေရာဖြစ်ခြင်း၊ ဒေသခံအချို့ လုပ်ကိုင်နေသည့်မြေများ ဖြစ်နေခြင်းတို့ကြောင့် ဒေသခံများအကြား ကန့်ကွက်မှုများရှိပြီး ကန့်ကွက်လွှာခေါ်ယူမှု ပြီးဆုံးသည့်နေ့အထိ ကျွန်းနှင့် ကမ်းခြေမြေနေရာ လေးခုကို ကုမ္ပဏီလေးခုက လုပ်ပိုင်ခွင့် လျှောက်ထားမှုအပေါ် ဒေသခံများ လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်လွှာ ၁၂ စောင်အထိ ရှိခဲ့ကာ ထားဝယ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များ အသင်းကလည်း ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment