Sunday, May 19, 2019

အယ်လ်ဂျီးရီးယား ဆန္ဒပြသူများ ရဲအရာရှိတဦးကို ကားပေါ်မှတွန်းချ

အယ်လ်ဂျီးရီးယား နိုင်ငံအတွင်း aထာင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေက သူတို့ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ဖြန်းနေတဲ့ ရဲအရာရှိတယောက်ကို မေ ၁၇ ရက်က ကားပေါ်ကနေ တွန်းချခဲ့ပါတယ်။ အစိုးရ ဖယ်ရှားရေး တောင်းဆိုနေတဲ့ ၁၃ ကြိမ်မြောက် ဆန္ဒပြပွဲမှာ ခုလိုဖြစ်တာပါ။ သမ္မတ အဗ်ဒယ်လာဇစ် ဘူတီဖလီကာဟာ နှစ် ၂၀ အုပ်ချုပ်အပြီး အရင်လက ပြည်သူနဲ့ စစ်တပ်ရဲ့ ဖိအားကြောင့် ရာထူးကနေ ဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေ လုပ်ဖို့နဲ့ အစောင့်တပ်ဟောင်းတွေ ကြီးစိုးနေတဲ့ အရာရှိ အားလုံးကို ဖယ်ရှားဖို့ ဆန္ဒပြသူတွေက ဆက်ပြီး တောင်းဆိုဆန္ဒပြနေပါတယ်။



ဆန္ဒပြသူတွေ ဝင်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ရင်း ဗဟိုစာတိုက်ကြီးမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဘူတီဖလီကာ ရာထူးက မဆင်းခင် ခန့်အပ်သွားတဲ့ ကြားဖြတ်သမ္မတ နဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေးကိုလည်း ဆန္ဒပြသူတွေက ဆော်သြပါတယ်။

လာမယ့် ဇူလိုင် လေးရက်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။  ဒါပေမယ့် လမ်းတွေပေါ်က အတိုက်အခံ ဆန္ဒပြပွဲတွေနဲ့ သယ်ယူပို့ဆောင်ရေး စီစဉ်ရာမှာ အခက်အခဲတွေ ရှိနေလို့ ရွေးကောက်ပွဲ နှောင့်နှေးမယ့် အလားအလာ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment