Sunday, May 19, 2019

ပြည်ပသစ်တွေကြောင့် မြန်မာ့သစ်တောတွေ အနားရတော့မှာလား

သစ်ေတာ သယံဇာတပေါကြွယ်ဝခဲ့သည့် မြန်မာနိုင်ငံတွင် အခြားနိုင်ငံမှ သစ်လုံးကြီးများ ပြန်လည် ၀ယ်ရလိမ့်မည်ဟု မည်သူမျှထင်မှတ်ကြမည် မဟုတ်သော်လည်း အဆိုပါ အခြေအနေသည် အမှန်တကယ် ဖြစ်လာခဲ့သည် ။  တစ်လုံးလျှင် ခြောက်တန်ခန့်ရှိ သစ်လုံးကြီး ဆယ်လုံးသည် အာဖရိကတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ မေလ ၁ ရက်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ကမ္ဘာပေါ်၌ သစ်တောပြုန်းတီးမှု တတိယအဆိုးဆုံး မြန်မာနိုင်ငံတွင် သဘာဝသစ်တောများမှ သစ်များတရားမ၀င်ခုတ်လှဲ၍ နယ်စပ်ဂိတ်များမှတစ် ဆင့် သစ်လုံးကြီးများ ခိုးထုတ်ခြင်း၊တရားမ၀င် သစ်ခုတ်စဉ် ဖမ်းဆီးရမိခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် သစ်ခိုးထုတ်ခြင်းများ ကြုံတွေ့နေရချိန်၌ ထိုသို့ပြည်ပမှ သစ်အလုံးလိုက် ပြန်လည်တင်သွင်းလာခြင်းသည် အံ့အားသင့်ဖွယ်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ရှိခဲ့သည်။


ပြည်ပမှ သစ်တင်သွင်းရသည့် အကြောင်းရင်း

 မြန်မာနိုင်ငံသည် ကမ္ဘာတွင် သစ်တောပြုန်းတီးမှုနှုန်း တတိယအများဆုံးနိုင်ငံ ဖြစ်နေသည့်အ ပြင် အဖိုးတန်သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊တမလန်း၊ သစ်ရာစသည့် သစ်မျိုးများသည်လည်း သဘာဝတောအတွင်း တစ်စထက်တစ်စ လျော့နည်းလာသည်။

သစ်တော ပြုန်းတီးမှုကို လျှော့ချရန် အစိုးရက သစ်ထုတ် လုပ်မှု လျှော့ချခြင်း၊ တရားမ၀င် သစ်ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခြင်း၊ သစ်တောများ ပြန်လည်ပျိုးထောင်ခြင်းတို့ လုပ်ကိုင်ခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာ့သစ်တောများ ပြန်လည်ရှင်သန်ရေး ကုစားလျက်ရှိသည်။

မြန်မာ့သစ် လုပ်ငန်းအနေဖြင့်လည်း လက်ရှိမြန်မာနိုင်ငံ၏ သဘာဝတောများမှ သစ်ထုတ်လုပ်နိုင်မှုကို တစ်နှစ်ထက် တစ်နှစ် လျှော့ချသည့်အပြင် လျာထားချက်ထက်များစွာ လျှော့ချထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချခဲ့ခြင်း ကြောင့် တစ်ဖက်တွင်လည်း ပြည်တွင်းရှိ သစ်အခြေခံ စက်မှုလုပ်ငန်းများအတွက် သစ်ကုန်ကြမ်း လိုအပ်ချက်မှာ အလွန်မြင့်မားလျက်ရှိလာခဲ့သည်။ 

သစ်ထုတ်လုပ်မှုသည် ၂၀၁၂-၂၀၁၃ တွင် ကျွန်းသစ်တန်ချိန် နှစ်သိန်း ခုနစ်သောင်း၊ သစ်မာတန်ချိန် ၁၆ သိန်း၊ ၂၀၁၅-၂၀၁၆တွင် ကျွန်းသစ်တန်ချိန် ငါးသောင်း၊ သစ်မာတန်ချိန် ခြောက်သိန်းထုတ်လုပ်ခဲ့ရာမှ  ယခုနှစ်တွင် ကျွန်းသစ်တန်ချိန် ၁ ဒသမ ၅သောင်း၊ သစ်မာတန်ချိန် သုံးသိန်း သာ ထုတ်လုပ်နိုင်သဖြင့် စက်ရုံများ၌ ကုန်ကြမ်းလိုအပ်ချက် များပြားလာသည်။

သစ်ကုန်ကြမ်း လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ၀ယ်လိုအား မြင့်တက်နေမှုကြောင့် မြန်မာ့သစ်လုပ်ငန်း၏ အိတ်ဖွင့်တင်ဒါ၊ဈေးပြိုင်တင်ဒါများတွင် သစ်လုံးကုန်ကြမ်း ဈေးနှုန်းများမှာ များစွာ မြင့်မားလျက်ရှိရာ ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စား သစ်အခြေခံ စက်မှုလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘဲ စက်ရုံလည်ပတ်နိုင်ရေး၊ စက်ရုံမှ လုပ်သားများ စားဝတ်နေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းလုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင် အ သင်းက အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ရာပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် သဘာဝသစ်တောများမှ သစ်များထုတ်လုပ်ရောင်းချနေသော အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများမှ သစ်ကုန်ကြမ်းတင်သွင်းခြင်း နည်းလမ်းနှစ်ခု တွေ့ရှိခဲ့သည်။

သို့ရာတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း နည်းလမ်းမှာ အချိန်ကာလတစ်ခု စောင့်ဆိုင်းရခြင်း၊ အချို့သော သစ်မျိုးများမှာ ကြီးထွားနှုန်း အရ သစ်တောစိုက်ခင်း တည်ထောင်၍ တွက်ခြေမကိုက်ခြင်းကြောင့် ပြည်ပမှ သစ်ကုန်ကြမ်း တင်သွင်းခြင်း နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။

ယင်းအတွက် သစ်ပါးလွှာပြုလုပ်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက် နှစ်မျိုးစလုံးတွင် ရောင်းတမ်းဝင် ဈေးကွက်ရှိနေသည့် သစ်မျိုးဖြစ်သည့် အင်၊ ကညင်နှင့် ဆင်တူသည့် အာဖရိကတိုက်ရှိကွန်ဂို နိုင်ငံမှ ကိုစစ်ပို (Kosipo/ ပြည်တွင်းမှ အင်၊ ကညင်သစ်နှင့်ဆင်သည်) သစ်မျိုး ၁၀ လုံး၊  ၈၁ ဒသမ၀၂  ကုဗမီတာကို ပြည်တွင်းရှိ သစ်အခြေခံ စက်မှုလုပ်ငန်း Jewellery Teak Timber ကုမ္ပဏီက အာဖရိကတိုက် ကွန်ဂိုနိုင်ငံမှ ကွန်တိန်နာလေးလုံးဖြင့် စတင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

‘‘ပြည်ပကနေ တင်သွင်းလာတဲ့အတွက် စက်ရုံတွေက ကုန်ကြမ်းလိုအပ်ချက်ကို သဘာဝသစ်တော တွေကနေ  မှီခိုနေရတဲ့အ ပေါ် အထိုက်အလျောက် လျော့နည်းလာမယ် ’’ဟု Jewellery TeakTimber ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းချီက ပြောသည်။

သစ်ထုတ်လုပ်ရေး မူဝါဒ အပြောင်းအလဲ

နှစ်ပေါင်းများစွာ အတိုင်းအဆမဲ့ ခုတ်ယူမှုများကြောင့် မြန်မာနိုင်ငံတွင် သဘာဝ သစ်တောကြီးများ ဆုံးရှုံးကာသစ်ထုတ်လုပ်ရေးနှင့် ပတ်သက်သောမူဝါဒအပြောင်းအလဲများ ပေါ်ပေါက်ခဲ့သည်။ ၂၀၁၄ ဧပြီ ၁ ရက်ကစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်နားခဲ့သည်။

သို့သော် မြန်မာ့သစ်တော များကို ပြန်လည်ကုစားရန် မလုံလောက်၍ အစိုးရသစ်လက်ထက် တွင် သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံး၌ တစ်နှစ်ခန့်ရပ်နား၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁၀  နှစ် ရပ်ဆိုင်းခဲ့သည်။

ပြည်နယ်နှင့်တိုင်းများတွင် သစ်ထုတ်လုပ်မှု ရပ်နားခြင်း တစ်နှစ်ပြည့်ပြီး သွားသော်လည်း သစ်တောဦးစီးက သစ်ထုတ်လုပ်မှုကို ဆက်လက် လျှော့ချဆဲဖြစ်ခြင်းကြောင့် ပြည်တွင်း၌ သစ်ကုန်ကြမ်း လိုအပ်ချက်ရှိနေမည် ဖြစ်သည်။

‘‘သစ်ထုတ်လုပ်မှုက လျှော့ပြီးထုတ်လာတယ်၊ နောက်ပိုင်းမှာလည်း ဒီထက်ပိုလျှော့ထုတ်မယ် လို့ သိရှိရတယ်။ အဲဒီအတွက် ကြောင့် ပြည်ပကနေ တင်သွင်းပြီးစက်ရုံလည်ပတ်ဖို့ စဉ်းစားရတယ်’’ဟု ဦးသိန်းချီကပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံ့ဧရိယာ၏၄၂ ရာခိုင်နှုန်းမျှသာရှိတော့သည်။သို့သော် အမှန်တကယ်သစ်တော ရှိသော ဧရိယာမှာ ထိုထက်လျော့ နည်းသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် လာမည့် ၁၀ နှစ်အတွင်းယခုကျဆင်းနေသည့် ရာခိုင်နှုန်းထက် ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့်လာစေရန် ဆောင်ရွက်လျက်ရှိသည်။

အစိုးရက သစ်ပင်ပြန်လည် စိုက်ပျိုးမှုကို မူဝါဒနှစ်ခုချမှတ်၍ လုပ်ကိုင်လျက်ရှိပြီး ပုဂ္ဂလိကသစ် စိုက်ခင်းများ လုပ်ကိုင်ခွင့်ပေးခြင်း နှင့် အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းတို့ဖြင့် လုပ်ကိုင်လျက် ရှိသည်ဟု သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

သို့ရာတွင် သစ်ပင်ပြန်စိုက် သည့် အရေအတွက် တဖြည်းဖြည်းများ လာသော်လည်းလျင်မြန်စွာ ပြုန်းတီးလာသည့် သစ်တောဧရိယာကို အလျဉ်မီ အောင် ဖြည့်စွမ်းနိုင်ခြင်းမရှိခဲ့ပေ။

ယင်းအတွက် သစ်အခြေခံ စက်ရုံများ ကုန်ကြမ်းရရှိစေရန် ပြည်တွင်း၌ ထွက်ရှိသည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်း၊ သင်္ကန်း၊ အင်၊ ကညင်စသည့် သစ်မျိုးမှလွဲ၍ အခြားသစ်မျိုးများကို ပြည်တွင်းသို့ တင်သွင်းခွင့်ပြုထားသည်ဟု ဦးကျော်ကျော်လွင်က ပြောသည်။

‘‘ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့နိုင်ငံက သစ်ပင်ကို မခုတ်ဘဲနဲ့သူများ နိုင်ငံက သစ်ကိုဝယ်သုံးတာ အကောင်းဆုံးပဲ’’ ဟု ဦးကျော်ကျော်လွင်ကပြောသည်။

ပြည်ပမှ တင်သွင်းလာခြင်း ကြောင့် စက်ရုံများမှ ကုန်ကြမ်းလိုအပ်ချက်ကို သဘာဝသစ်တော များမှ ထုတ်ယူသုံးစွဲနေရခြင်း အထိုက်အလျောက် လျော့နည်းလာမည်ဖြစ်၍ မြန်မာနိုင်ငံမှ သစ်မျိုးမဟုတ်သည့် သစ်များကို လိုအပ်သလို တင်သွင်းနိုင်သည်ဟု ၎င်းက ပြောသည်။

‘‘ဌာနရဲ့ ရည်ရွယ်ချက်က လည်း တတ်နိုင်သလောက် သဘာဝတောက သစ်ကိုမထုတ်ဘူး။  ပုဂ္ဂလိကနဲ့ ဌာနစိုက်ခင်းတွေ က သစ်တွေပဲသုံးမယ်။ သဘာဝ တောတွေ ရအောင်ထိန်းမယ်’’ဟု ဦးကျော်ကျော်လွင်ကပြောသည်။

ပြည်ပမှ သစ်တင်သွင်းခြင်း၏ အားသာချက်

 ပြည်ပမှ သစ်အလုံးလိုက် တင်သွင်းခြင်းသည် ပထမဆုံးဟုဆိုသော်လည်း သစ်တင်သွင်းလာမှုသည် ယခုမှတော့မဟုတ်၊ ၂၀၀၁ ၀န်းကျင်ကတည်းက သစ်ခွဲသားများ၊ ထင်းရှူးခွဲသား တင်သွင်းလာမှုများ ရှိသော်လည်း အခွန်နှုန်းမြင့်ခြင်း၊ ဈေးနှုန်းတွက်ခြေ မကိုက်ခြင်းတို့ကြောင့် တင်သွင်းမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ ဟု သစ်တောဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။

လက်ရှိတွင် သစ်ထုတ်လုပ်မှု လျော့ကျလာချိန်၌ သစ်ကုန်ကြမ်း လိုအပ်ချက်က မြင့်မားလာရာ သစ်တောဦးစီး၏ တင်ဒါများတွင် ပြည်တွင်းနှင့် အသေးစားသစ် အခြေခံလုပ်ငန်းရှင်များ ၀င်ရောက်ယှဉ်ပြိုင်ရန် မလွယ်ကူသဖြင့် ပြည်ပမှ တင်သွင်းရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင်လည်း သစ်ထုတ်လုပ်မှု ပိတ်ပင်ခဲ့သည့်အချိန်ကစ၍ ပြည်ပမှ သစ်များဝယ်ယူ သုံးစွဲခြင်းဖြင့် သစ်တောများ ပြန်လည်ပျိုးထောင်နိုင်ခဲ့သည့် သာဓကများလည်းရှိရာ ပြည်ပမှ တင်သွင်းခြင်းဖြင့် သဘာဝသစ်တော များမှ သုံးစွဲမှု လျော့နည်းလာမည် ဟု ဦးမျိုးမင်းက ပြောသည်။

ပြည်ပမှ တင်သွင်းလာသည့်သစ်များ၏ ကုန်းပေါ်ရောက်တန် ဖိုးသည် မြန်မာ့သစ်လုပ်ငန်း အိတ်ဖွင့်တင်ဒါ ဈေးနှုန်းထက် သက်သာပြီး လက်ဝယ်အရောက် စာရွက်စာတမ်း ရှုပ်ထွေးမှု၊  အစိုးရဌာန ဆိုင်ရာများနှင့် ဆက်သွယ်ရသည့် အဆင့်များနည်းပါးသည်ဟု ဦးသိန်းချီက ပြောသည်။

မြန်မာ့သစ်လုပ်ငန်းက ပြည်တွင်းလုပ်ငန်းရှင်များအား တင်ဒါစနစ်၊ အိတ်ဖွင့် တင်ဒါစနစ်တို့ဖြင့် ကုန်ကြမ်းသစ်လုံးများ ရောင်းချပေးသော်လည်း လေလံတင်ရောင်းချသည့် သစ်များမှာ အကြောင်းအမျိုးမျိုးကြောင့် ခုတ်ယူပြီး တစ်နှစ်ခန့်ကြာမှ လုပ်ငန်းရှင်များထံ ရောက်ရှိသဖြင့် အချို့သစ်များမှာ ထိပ်နှစ်ဖက်ကွဲကြေခြင်း၊ ရေဆွေးများမည်းခြင်းကြောင့် အလျော့တွက်နည်းပြီး ဖြတ်တောက်ပစ်ရသည်များ ရှိသလို လေလံဈေးမှာလည်း အနည်းငယ်မြင့်သည်။

‘‘တင်ဒါအောင်တဲ့ ဈေးနှုန်းက မူအားဖြင့် ဒေါ်လာတစ်ထောင်လောက် ရှိတယ်။ တစ်တန်ကိုဒေါ်လာ တစ်ထောင် ၀န်းကျင် အခုတင်သွင်းလာတဲ့ ဟာကတော့ အပြည်အစုံတော့ တွက်ချက်လို့ မပြီးသေးပေမယ့် တစ်တန်ကို တစ်ထောင်တော့ မကျပါဘူး။ တစ်ထောင်အောက် လျော့နည်း တယ်’’ဟု ဦးသိန်းချီကပြောသည်။

ထို့အပြင် တင်ပို့သည့် နိုင်ငံ ၏ ကောင်းမွန်သည့်စနစ်အရ သင်္ဘောကြာချိန် အပါအ၀င် ခုတ်လှဲပြီး နှစ်လအတွင်း ရန်ကုန်ဆိပ်ကမ်းသို ရောက်ရှိသဖြင့် လတ်ဆတ်သော သစ်ကုန်ကြမ်းကို ရရှိသည်ဖြစ်ရာ  အလေအလွင့် နည်းပါးကာ ကုန်ချော ပိုမိုထွက်ရှိနိုင် သည့် အားသာချက်များ ရှိသည်။

သို့ရာတွင် ပြည်ပမှ သစ်အလုံးလိုက် တင်သွင်းရာတွင် ဆိပ်ကမ်းအကောက်ခွန် ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း၊ အမြတ်ခွန်အတွက် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း၂၇ ရာခိုင်နှုန်း ပေးသွင်းရသဖြင့်အခွန်လျှော့ပေါ့ပေးရန် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်အသင်းက  သက်ဆိုင်ရာ ဌာနများသို့ တင်ပြမည် ဖြစ်သည်။

ပြည်ပမှသစ်ပြန်လည် တင်သွင်းမှုသည် မြန်မာနိုင်ငံသစ်တောများ ထိန်းသိမ်းရေးအတွက် ကောင်းမွန်သည့် အဖြေတစ်ခု ဖြစ်သော်လည်း၊ တရားမ၀င် ထွက်ရှိသည့် သစ်ခိုးထုတ်မှုများကို လည်း ဖိဖိစီးစီး ဆောင်ရွက်သင့် သည်ဟု မြန်မာနိုင်ငံ သစ်တောအသင်းဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးက ပြောသည်။

‘‘ပြည်ပက တင်သွင်းလာ တာက သစ်သယံဇာတအတွက် ကောင်းပေမယ့် တစ်ဖက်ကလည်း ထိန်းသိမ်းရေးကို ဖိဖိစီးစီးလုပ်ဖို့ လိုတယ်။ သစ်ကိုခုတ်ပြီး သယ်လာပြီးတော့ ဖမ်းတာထက် သစ်တောထဲရှိတဲ့အချိန်မှာ ဖမ်းဆီးပြီးတော့ လုပ်သင့်တယ်’’ဟု ဦးထွန်းပေါ်ဦးက တိုက်တွန်းသည်။

ပြည်ပမှ သစ်များ တင်သွင်းရာတွင်လည်း မြန်မာနိုင်ငံ သစ်တောများမှ နှစ်စဉ်ထုတ်လုပ်နိုင် သည့် ပမာဏ၊ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် သုံးစွဲမှု၊ သစ်အခြေခံစက်မှု လုပ်ငန်းများ သုံးစွဲနိုင်မှု၊ ပြည်တွင်းသုံးစွဲမှုစသည့် သစ်လိုအပ်ချက်များကို စနစ်တကျလေ့ လာ၍ ပြည်ပမှတင်သွင်းနိုင်သည့် ပမာဏနှင့် နှိုင်းယှဉ်ပြီးမှ လုပ်ဆောင်သင့်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်း အစား ကျဆင်းခြင်းမှ ကာကွယ်ရန် သစ်တောစိုက်ခင်း တည်ထောင်ခြင်း အပါအ၀င် သစ်တောများ တည်ထောင်ပြုစု ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေး လုပ်ဆောင်နေချိန်တွင်  ပမာဏကြီးမားစွာရှိနေသာ တရားမ၀င် သစ်ခိုးထုတ်မှုများကို တရားဥပဒေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက တိုက်တွန်းသည်။ တစ်ဖက်တွင်လည်း ပြည်ပမှ သစ်တင်သွင်းခြင်းဖြင့် နိုင်ငံ၏ သဘာဝသစ်တောကြီးများ အပေါ် မှီခိုနေရမှု သက်သာလာစေရန် မူဝါဒချမှတ် လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ ကအကြံပြုသည်။

No comments:

Post a Comment