Sunday, May 19, 2019

သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင် ရရှိ

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းတချို့ ဦးဆောင်ပါဝင်သည့် အမျိုး သားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics – DNP) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့်ကို မေ ၁၇ ရက် တွင် ရရှိခဲ့သည်။ေ နပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့် အမှတ် (ဒ/၃၂၂၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ပါတီမှတ်ပုံတင် အမှတ်မှာ ၁၁၄ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။



“ပါတီမှတ်ပုံတင်ခွင့်ပြုဖို့ရန်အတွက် အကြောင်းအချက်တွေ ခိုင်လုံလို့ ပြုလိုက်တာပေါ့နော်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ခြင်းကို သမ္မတရုံးဝန်ကြီးဟောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးစိုးမောင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးကျော်သူတို့က ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်ဟောင်းနှင့် ဗိုလ်ချုပ် (ငြိမ်း) ဦးလွန်းမောင်လည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်သည်။

မူလက အမျိုးသားနိုင်ငံရေးပါတီအနေဖြင့် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပြီး ယင်းအမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုခဲ့သောကြောင့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းပါတီက အသုံးပြုမည့် ပါတီအမှတ်တံဆိပ်ကို ပါတီတစ်ခုက ၎င်းတို့ ပါတီအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုဆိုကာ ကန့်ကွက်မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ခဲ့ရသည့်ဖြစ်စဉ်များမှ လွဲ၍ အခြားထူးခြားဖြစ်စဉ်များမရှိခဲ့ဟု သိရသည်။

“မတူဘူးပေါ့နော် (ပါတီအမှတ်တံဆိပ်) သေချာစိစစ်တဲ့အခါကျတော့” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

နိုင်ငံရေး ပါတီတစ်ရပ်သည် ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ပြည်ထောင်စု တစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၁၀၀၀ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွက်သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၅၀၀ ကို ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စုတစ်ဝန်း ရပ်တည်ဆောင်ရွက်မည့်ပါတီဖြစ်သည့်အတွက် ပါတီဝင်အင်အား ၁၀၀၀ တင်သွင်းရမည်ဖြစ်သည်။

No comments:

Post a Comment