Sunday, May 19, 2019

သာစည် သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်သူ ၁၆ ဦးကို အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဆင်တောင်သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်အိမ်ဆောက်နေထိုင်သူ ၁၆ ဦးကို မေ ၁၇ ရက်နေ့က သစ်တောဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။ သာစည်မြို့နယ် သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်က “ဟုတ်ပါတယ်၊ သစ်တောကြိုးဝိုင်းထဲ ကျုးကျော်အိမ်ဆောက်နေထိုင်သူတွေကို သစ်တောဥပဒေနဲ့ပဲ အမှုဖွင့်လိုက်တယ်။ သီးစားထွန်ယက်ခဲ့တဲ့ တောင်သူနဲ့ ဓားမဦးချတောင်သူလို့ ဆိုသူတွေ ညီညွတ်ပြီး ပြဿနာမရှိဘဲ အစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်စေချင်တယ်၊ အခုတော့ တဖက်နဲ့တဖက် အဆင်မပြေကြဘူး ဖြစ်နေတယ်။ သစ်တောကြိုးဝိုင်းမြေတွေ အများကြီးပါပဲ။ အဆင်ပြေပြေ လုပ်ကိုင်စေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။


ကျုးကျော်အိမ်ဆောက်နေထိုင်သူ သီးစားတောင်သူ ဦးတင်မြင့်ပါ ၁၆ ဦးအား သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်မှု သစ်တောဥပဒေပုဒ်မ ၄၀ (က)(၁) နဲ့  မေ ၁၇ ရက်နေ့က ဟံဇားရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်ကလည်း သစ်တောပိုင်မြေအတွင်း တောခုတ်ရှင်းလင်းခဲ့တဲ့ ဓားမဦးချတောင်သူတွေက ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တာကြောင့် ဦးဆောင်သူ ဦးကျော်မြင့်ပါ ၃ ဦးအား သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်မှု သစ်တောဥပဒေပုဒ်မ ၄၀(က)(၁)၊  ကျုးကျော်ထွန်ယက်မှု သစ်တောဥပဒေပုဒ်မ ၄၀(က)(၃) တို့နဲ့ မေလ ၉ ရက်နေ့က ဟံဇားရဲစခန်းမှာ အမှုဖွင့်ပါတယ်။

အဆိုပါ သစ်တောပိုင်မြေဟာ ၁၉၇၈-၇၉ လောက်မှာ မြစ်သား၊ ဝမ်းတွင်း၊ သာစည် စတဲ့မြို့နယ်တွင်းက ရှမ်းရိုးမတောင်ခြေရှိ မြေယာတွေကို လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းပြီး စိုက်ကွင်းတွေ တည်ထောင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်တော့ အရင်က တောခုတ်ပြီး လယ်ယာမြေလုပ်ခဲ့သူတွေနဲ့ စိုက်ပျိုးရေးဌာနက သီးစားချထားသူတွေက အဆိုပါမြေယာအား လုပ်စားပိုင်ခွင့် အပြိုင်အဆိုင် တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment