Sunday, May 19, 2019

ယူရိုပါလိဂ် ဗိုလ်လုပွဲ လက်မှတ်တွေ မရောင်းရ

အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က လက်မှတ်ခွဲတမ်း ၆၀၀၀ စီ ရရှိထားပေမယ့် တစ်ဝက်စီသာ ရောင်းနိုင်တဲ့အပေါ်မှာ ယူအီးအက်ဖ်အေရဲ့ ဗိုလ်လုပွဲကို ဘာကူမှာလုပ်ဖို့ စီစဉ်ခဲ့တဲ့အပေါ် ဖြေရှင်းချက်တောင်းလာခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားမယ့် အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လက်မှတ်ခွဲတမ်းကိုယ်စီ ၆၀၀၀ စီ ရရှိထားကြပါတယ်။ ဒါပေမယ့်လည်း လက်မှတ်ခွဲတမ်းကိုယ်စီရဲ့ တစ်ဝက်ခန့်လောက်သာ လက်မှတ်တွေ ရောင်းကုန်ထားပြီး တစ်ဝက်ကျော်လောက် မရောင်းရပဲ ရှိနေတယ်လို့ Daily Mailက ဖော်ပြလာပါတယ်။



မရောင်းရတဲ့ အဓိက အကြောင်းရင်းကတော့ လက်မှတ်ခအပါအ၀င်သာမက ဗိုလ်လုပွဲကစားမယ့် အဇာဘိုင် ဂျန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့ကြားက ခရီးအကွာအဝေးကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အသွားအပြန် မိုင်ပေါင်း ၅၅၀၀ ၀န်းကျင်လောက် သွားရမယ့် ခရီးက အမာခံ ပရိသတ်တွေအတွက် လိုက်ပါ အားပေးဖို့ အခက်အခဲ ဖြစ်နေစေတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး လိုက်ပါအားပေးဖို့ အခက်အခဲ ဖြစ်သွားတဲ့အတွက် အာဆင်နယ်အသင်းဖက်က ပြန်လည်တိုင်တန်းခဲ့တာကြောင့် ပရိသတ်တွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က တောင်းပန် စကားဆိုခဲ့တယ်လို့ လည်းသိရပါတယ်။

ဒါကြောင့် ပရိသတ် ၆၈၀၀၀ကျော် ၀င်ဆံ့တဲ့ ဘာကူကွင်းကြီးထဲမှာ ပရိသတ်ပေါင်းမြောက်မြားစွာ လစ်လပ်နေတော့မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဇာဘိုင်ဂျန်နိုင်ငံက ဘာကူ လေဆိပ်ဟာလည်း တစ်ရက်ကို ခရီးသည် ၁၅၀၀၀ကိုသာ အ၀င်အထွက် ပြုလုပ်နိုင်ပြီး အများစုလေကြောင်းလိုင်းတွေကတော့ တူရကီ၊ဂျာမနီ၊ယူကရိန်း(သို့) အရှေ့အလယ်ပိုင်းနိုင်ငံတွေကတဆင့် ပြောင်းလဲလာရတယ်လို့လည်း Daily Mail ကဖော်ပြထားပါ သေးတယ်။

ဒါကြောင့် အာဆင်နယ်အသင်းက အခုလို ပရမ်းပတာနိုင်တဲ့ စီမံခန့်ခွဲမှုမျိုးကို စီစဉ်ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားတာလို့လည်း သိရပါတယ်။

ယူအီးအက်ဖ်အေ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ မာချက်တီက - “ အခုလို အင်္ဂလန်နိုင်ငံရဲ့ လန်ဒန်နှစ်သင်းစလုံး ဗိုလ်လုပွဲတက်လာတာကတော့ မျှော်လင့်ထားတဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ပြိုင်ပွဲရဲ့ အစီအစဉ်တစ်ခု လုံးကို ရေးဆွဲရတာ မလွယ်ပါဘူး။အခုချိန်မှာ နှစ်ဖက်အသင်းပရိသတ်တွေ လက်မှတ်ဝယ်ဖို့ အခက်အခဲ ဖြစ် သွားတာနဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စရိတ်သက်သာအောင် ဆောင်ရွက်ပေးနေ ပါတယ်။” လို့ ပြန်လည်ဖြေရှင်းပေးထားပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ FA ရဲ့ အထွေအထွေအတွင်းရေးမှူး မန်မာဒေါ့ဗ်ကလည်း ဘာကူလေဆိပ်က တစ်နာရီကို ခရီးသည် ၁၀၀၀၀ ၀င်ထွက်သွားလာနိုင်သလို လေယာဉ်ခရီးစဉ်တွေကလည်း UK ကနေ ဘာကူကိုလာမယ်ဆိုရင် အစ္စတန်ဘူလ်၊ဖရန့်ဖတ်၊တဘီလီစီနဲ့မော်စကိုတို့ကနေ တဆင့် အလွယ်တကူ လာရောက်နိုင်ကြောင်း ပြန်လည်ဖြေရှင်းပေးထားပါတယ်။

လေယာဉ်ခရီးစရိတ်ကတော့ Economy Classကနေ လာရင်တစ်ကြောင်း ပျမ်းမျှ ၃၉၄ ပေါင်သာ ကျသင့်ဖို့ ရှိတဲ့အကြောင်းလည်း မန်မာဒေါ့ဗ်က ဆက်လက်ပြောပြပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ ပရိသတ် ၂၅၀၀၀ ကျော်ကို လက်မှတ် ရောင်းချထားနှင့်ပြီး ဖြစ်ပြီး ပြည်တွင်းက ပရိသတ် ၁၀၀၀၀ ကိုလည်း လွန်ခဲ့တဲ့ ၄ ရက်အလွန်ကတည်းက ရောင်းကုန်ထားနှင့်ပြီး ဖြစ်တယ်လို့ သိရပါ တယ်။

No comments:

Post a Comment