Sunday, May 19, 2019

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ကူညီမည့်ကိစ္စကို အကူအညီပေးရေးအဖွဲ့များနှင့် လူအခွင့်အရေးအဖွဲ့များက ဝေဖန်

ပဋိပက္ခများ နှိပ်စက်ခဲ့သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကူညီမည့် ကမ္ဘာ့ဘဏ်၏ အစီအစဉ်သည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင် သည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် လူ့ အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်သီတင်းပတ်က ကမ္ဘာ့ဘဏ်သည် “အလုပ်အတွက် ငွေ” ဟူသည့် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့ရန် ပထမဆုံး အဆိုပြုချက်အသေးစိတ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခု၌ လုပ်ငန်းငယ်များကို အစိုးရမှတစ်ဆင့် ထောက်ပံ့သွားရန် ပါဝင်သည်။



မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် တပ်မတော်စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ပြီးနောက် ဘင်္ဂါလီမွတ်စလင် ၇၃၀,၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။

တပ်မတော်သည် အခြားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော AA အဖွဲ့နှင့်လည်း ပဋိ ပက္ခများ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့်နှစ်ကုန်မှစ၍ လူပေါင်း ၃၀,၀၀၀ သည် နေရပ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

“လူ့အသိုင်းအဝိုင်းတွေရဲ့ ဘဝမျက်နှာစာတိုင်းကို လက်ရှိရိုက်ခတ်နေတဲ့ လူ့အခွင့် အရေးအကြောင်းအရာတွေကို မကိုင်တွယ်ဘဲ ရခိုင်ပြည်နယ်မှာ အဓိပ္ပာယ်ရှိတဲ့ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဘယ်လိုလုပ်ရ မလဲဆိုတာ တွေးရခက်ပါတယ်” ဟု နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) စုစုပေါင်း တစ်ဒါဇင်ကျော်က မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ်ရုံးသို့ ပေးပို့သည့်စာ၌ ပြောကြားထားသည်။ ဧပြီ ၉ ရက် နေ့စွဲတပ်ထားသည့် အဆိုပါစာကို ရိုက်တာသတင်းဌာနက ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသည် ဘင်္ဂါလီမွတ်စလင်များ အစုလိုက် ထွက်ပြေးသွားခဲ့ကြပြီး မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဝေဖန်မှုများ မြင့်တက်လာစေခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် ကတိပြုသည့် ပထမဆုံး အထင်ကရ စီမံကိန်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၏ အကျပ်အတည်းအမျိုးမျိုးကို ဖြေရှင်းရန် အဓိကအချက်အချာမှာ ဖွံ့ဖြိုးရေးဖြစ် သည်ဟု ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိ ဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာတို့ လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် တွေ့ဆုံခဲ့ရာမှ ယခု အစီအစဉ် အဆိုပြုချက် ပေါ် ထွက်လာခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာန၏ မေးခွန်းများကို စာဖြင့် ပြန်လည်ဖြေကြားရာတွင် ကမ္ဘာ့ဘဏ် က ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်ရှိ မဖြေရှင်းရသေးသော လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို မျှဝေခံစားရပါ သည်ဟု ပြောကြားထားသည်။

ကမ္ဘာ့ဘဏ်က ယင်းအတွက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ဒုက္ခသည်များ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးကို မလုပ်နိုင်မီ ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ကူညီခြင်းနှင့် အတူ ဘင်္ဂလားဒေ့ရှ်ကို ထောက်ပံ့အားပေးနေကြောင်းလည်း ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်က လူတွေရဲ့ ဖွံ့ဖြိုးရေးလို အပ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်း အဝိုင်းက ပြန်လှည့်ကြည့်လာနိုင်တယ်လို့ မယုံကြည်ပါဘူး” ဟု ပြောကြားလျက် ကမ္ဘာ့ ဘဏ်က ရခိုင်ပြည်နယ်ရှိ အလွန်အမင်း ဖိအားဖြစ်နေသော လိုအပ်ချက်များကို ထောက်ပြခဲ့သည်။

ယခုအစီအစဉ်ကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က အတည်ပြုရခြင်းမရှိသေးဟုလည်း ၎င်းက ပြောကြားခဲ့သည်။

No comments:

Post a Comment