Thursday, May 9, 2019

ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွတ်လာမှု ကန်လွှတ်တော်အမတ် Rubio ကြိုဆို

ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Marco Rubio က ယမန်နေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။



ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အလွန်မှာ ရိုက်တာ သတင်းထောက်တွေ ဖြစ်ကြတဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ မြန်မာ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ အတွက် အလွန် ၀မ်းမြောက်ကြောင်း သူတို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် စစ်တပ်ရဲ့ရက်စက်ကျူးလွန်မှု ဖြစ်ရပ်မှန်ကို သတင်းယူလို့ မတရား ထောင်ချခံရတာ ဖြစ်တဲ့ အကြောင်း၊ အစိုးရတွေရဲ့ တာဝန်ရှိမှု၊ ပွင့်လင်းမြင်သာမှုကို ဖော်ထုတ်ရာမှာ သတင်းလွတ်လပ်ခွင့် အခရာ ကျတယ်ဆိုတာ သူတို့ လုပ်ရပ်က ဖော်ပြနေကြောင်း ရေးသားထားပါတယ်။

အထက်လွှတ်တော် အမတ် Marco Rubio က ၀လုံးနဲ့ ကျော်စိုးဦးတို့လွတ်မြောက်ရေး အတွက် လုပ်ဆောင်ခဲ့တဲ့ နေရာမှာတက်တက်ကြွကြွ ပါဝင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။တချိန်တည်းမှာဘဲ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် တစောင်မှာလည်း မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ကျန် သတင်းထောက်တွေ အားလုံး လွတ်မြောက်လာဖို့ မျှော်လင့်ပြီး သတင်းလွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံမူတွေ ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တည်ငြိမ်ကြွယ်ဝသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ထွန်းဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

No comments:

Post a Comment