Saturday, June 22, 2019

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံသူများ၍ ဈေးကွက်အတွင်း ပြတ်လပ်နေ

လတ်တလောရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ကြောင့် ယင်းရောဂါကာကွယ် ဆေးထိုးနှံသူများပြီး ဈေးကွက် အတွင်း ဆေးပြတ်လပ်နေ ကြောင်း ပုဂ္ဂလိကဆေးရုံအချို့မှ စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ရာသီ တုပ်ကွေး (H1N1)ရောဂါကာ ကွယ်ရန် တုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံမှုများပြီး ယင်း ကဲ့သို့ ဆေးပြတ်လပ်ခြင်းဖြစ် ကြောင်း ပုဂ္ဂလိကဆေးရုံအချို့က ပြောသည်။ ‘‘ဆေးပြတ်နေပါတယ်။ အင်္ဂါနေ့လောက်မှရမှာ။ ဒီရက် ပိုင်းမှ ဆေးပြတ်သွားတာပါ။ အင်္ဂါနေ့ထိုးမယ်ဆိုရင်လည်း ဘွတ်ကင်တင်ထားဖို့လိုပါတယ်’’ ဟု ရွှေဂုံတိုင်ရှိ နှင်းဆီကုန်းဆေး ရုံက ပြောသည်။



ကာကွယ်ဆေးသည်တစ်နှစ် တစ်ခါထုတ်ပြီး ယခုနှစ်အတွက် ဆေးသည် နောက်နှစ်တွင် ပြန်အ သုံးပြု၍မရသဖြင့် တင်သွင်းသည့် ဆေးကုမ္ပဏီများသည် ဆေးကိုအ နည်းငယ်သာတင်သွင်းခြင်း၊ ထို့ အပြင် လတ်တလောရာသီတုပ် ကွေးရောဂါ ဖြစ်ပွားမှုများရှိနေ ခြင်းကြောင့် ၀ယ်လိုအားမြင့် တက်ခြင်း စသည့်အချက်များက တုပ်ကွေးဆေး ပြတ်လပ်မှုဖြစ် ပေါ်စေကြောင်း ဆေးတင်သွင်းသူ တစ်ဦးက သုံးသပ်သည်။

‘‘ဒီနှစ်က ဆေးက နောက် နှစ်မှာ ပြန်သုံးလို့မရဘူး။ တင် သွင်းတဲ့သူတွေက လက်ထဲကျန် မှာစိုးလို့ လူတစ်သန်းရှိရင် လူ တစ်သန်းလုံးအတွက် မတင်သွင်း တော့ဘူး။ ပြီးတော့ တင်သွင်းတဲ့ ကုမ္ပဏီကလည်း နည်းတယ်။ တစ်ခု၊ နှစ်ခုပဲရှိတာ။ အဲဒီတော့ ဈေးကွက်မှာ ပြတ်မှာပဲ။ ပြည်သူ တွေကလည်း H1N1 ကြောက်ပြီး ပြေးထိုးကြတော့ Demand က တအားတက်သွားတယ်’’ ဟု ၎င်း ကပြောသည်။

ယင်းကာကွယ်ဆေးသည် လူကြီး(သုံးနှစ်အထက်မှစ၍ လူ ကြီးအထိ)အတွက် ဆေးနှင့် ကလေး(ခြောက်လမှ သုံးနှစ်အ ထိ) အတွက်ဆေးဟူ၍သတ်မှတ် ထားကာ ယခုပြတ်လပ်နေသည့် အ များစုမှာ လူကြီးကာကွယ်ဆေး ဖြစ်သည်။

ဆေးတန်ဖိုးမှာ တစ်လုံးလျှင် ကျပ်နှစ်သောင်းခန့်ရှိပြီး ဈေး ကွက်အတွင်း ဆေးပြတ်သော် လည်း ဈေးနှုန်းတက်ခြင်းမရှိ ကြောင်း အချို့ဆေးရုံများက ပြောကြားထားပြီး ပြည်သူများက မူ သွားရောက်ထိုးနှံရာတွင် ဈေး နှုန်းတက်မှုနှင့် ကြုံတွေ့ရ ကြောင်း ပြောကြားသည်။

‘‘ဟိုးအရင်ရက်တွေက စုံ စမ်းတော့ ဆေးက ၁၈,၀၀၀၊ အဲဒီ ကနေ တစ်နေ့က သူငယ်ချင်းတစ် ယောက်သွားထိုးတော့ ၂၀,၅၀၀ တဲ့။ မနက်က သူငယ်ချင်းတစ် ယောက် သူ့ကလေးကို သွားထပ် ထိုးတာကျတော့ ၅၀,၉၀၀ လို့ ပြောတယ်။ လူကြီးဆေးက ၃၃,၀၀၀ တဲ့။ အခုက ဆေးဈေး တက်တာထက် ထိုးချင်လို့ပတ်ရှာ တာ ဆေးကပြတ်နေတယ်။ ဘယ် မှာထိုးလို့ထိုးရမှန်းမသိဘူး’’ ဟု အင်းစိန်မြို့နယ်မှ အသက်(၁)နှစ် ကျော်ကလေးရှိသော မိခင်တစ် ဦးက ပြောသည်။

ဇွန်လ ၂၁ ရက်အထိ ပုဂ္ဂလိ ကဆေးရုံအချို့တွင် ဆေးပြတ် လပ်မှုများရှိနေပြီး တာမွေမြို့နယ် ရှိ အာယုဆေးရုံတွင် လူကြီးဆေး ပြတ်လပ်နေကာ ကလေးဆေး ကမူ မပြတ်လပ်သေးပေ။ ပါရမီ ဆေးရုံတွင်လည်း သွားရောက်ထိုး နှံနိုင်သည်။

‘‘အခု လောလောဆယ် တော့ ကလေးဆေးရော၊ လူကြီး ဆေးရော ထိုးလို့ရနေသေးတယ်။ ဒါပေမဲ့ ဆေးကအရမ်းအကုန်မြန် တော့ လာထိုးမယ်ဆို ဖုန်းအ ရင်ကြိုဆက်ပေးစေချင်ပါတယ်’’ ဟု ပါရမီဆေးရုံမှ ၀န်ထမ်းတစ်ဦး က ပြောသည်။

ယခုနှစ်အတွက် ထုတ်လုပ် သောတုပ်ကွေးကာကွယ်ဆေး သည် လတ်တလောဖြစ်ပွားနေ သော ရာသီတုပ်ကွေး(H1N1) ရောဂါအပါအ၀င် အခြားတုပ် ကွေးဗိုင်းရပ်စ်ပိုးများကို ကာကွယ် ပေးနိုင်သည်။ အသက်(၅)နှစ် အောက်ကလေးများ၊ အသက် (၆၅) နှစ်အထက်အရွယ်များ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါရှိသူများ ဦးစားပေးထိုးနှံ သင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုထားသည်။

‘‘တုပ်ကွေးကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးထားတာက အသုံးဝင်ပါ တယ်။ ဘာလို့ဆို တုပ်ကွေးဖြစ် တော့မှ ကုတာထက်စာလို့ရှိရင် အများကြီးအကျိုးရှိတယ်။ ဦးစား ပေးပြီးထိုးရမှာတော့ အသက်(၅) နှစ်အောက် ကလေးတွေရယ်၊ (၆၅)နှစ်အထက်၊ နောက်ဆီးချို၊ သွေးတိုး၊ နှလုံး၊ ရင်ကျပ်ပန်းနာရှိ တဲ့သူတွေပေါ့။ ဖြစ်နိုင်ရင်တော့ အကုန်လုံးထိုးထားရင် အကောင်း ဆုံးပါပဲ။ ကျန်းမာရေးဝန်ထမ်း တွေလည်း ထိုးထားသင့်တယ်’’ ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောသည်။ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ဇွန်လ ၂၀ ရက်ည သတင်းထုတ်ပြန်ချက်အရ ယခု နှစ်ဇန်န၀ါရီ ၁ရက်မှ ဇွန်လ ၂၀ ရက်အထိ ရာသီတုပ်ကွေးရောဂါ ပိုး (H1N1) တွေ့ရှိလူနာ ၁၆ ဦး ရှိပြီး ခြောက်ဦးသေဆုံးကြောင်း၊ ယင်းခြောက်ဦးသည် ရန်ကုန် တိုင်းမှ ငါးဦးနှင့် စစ်ကိုင်းတိုင်းမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြထား သည်။

No comments:

Post a Comment