Saturday, May 18, 2019

ပညာရေးဝန်ထမ်းများအား ငွေကြေး လက်ဆောင်ပစ္စည်း မပေးရန် ၀န်ကြီးဌာန မေတ္တာရပ်ခံ

ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပစ္စည်းများ မပေးရန် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ အသိပေးချက်တွင် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထား သည်။ ၂၀၁၉-၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ထားပြီး ဇွန်လ ၃ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ကျောင်းသားဦးရေ များလာခြင်း၊ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် များ လုံလောက်စွာ ဖြန့်ဝေပေးလိုခြင်းတို့ကြောင့် မြို့နယ်အလိုက်သတ်မှတ် နယ်မြေတွင်သာ ကျောင်းအပ်နှံရန် ပညာရေးဝန်ကြီးဌာနက ကြေညာထား သည်။
မိဘ၊ အုပ်ထိန်းသူများအနေ ဖြင့် ငွေကြေး၊ လက်ဆောင်ပစ္စည်းများကို ပညာရေးဝန်ထမ်းများ အား ပေးအပ်ခြင်းမပြုရန်နှင့် ပညာရေးဝန်ထမ်းများကလည်း မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း မပြုရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရန်၊ အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ကျောင်းအုပ်၊ ဆရာ၊ဆရာမ၊ အရာထမ်း၊ အမှုထမ်းများကိုလည်း ညွှန်ကြားထား သည်။

‘‘မိဘတွေကလည်း မပေးဖို့လိုတယ်။ ပေးရကမ်းရတာ ရှိရင်လည်း အချိန်မရွေး တိုင်လို့ရတယ်။ တိုင်တာနဲ့ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးပြီး ၀န်ထမ်းမှာ အပြစ်ရှိရင် တစ်ခါတည်း အရေးယူမှာ’’ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ အချို့နာမည်ကြီး ကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ အခကြေးငွေ၊ လက်ဆောင်ပစ္စည်းရယူခြင်းများရှိနေရာ ကျောင်းအပ်လက်ခံမှုများကို ကျောင်းအုပ်တစ်ဦးတည်းက မဆောင်ရွက်စေဘဲ ကော်မတီဖွဲ့ကာ သတ်မှတ်မူများအတိုင်းသာ  ကျောင်းအပ်လက်ခံရမည်ဟု ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

No comments:

Post a Comment