Monday, June 17, 2019

မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများ ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်ထား

မြွေကိုက်ခံရသည့်လူနာများအတွက် မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကို ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်ထားကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ မြွေကိုက်မှုဖြစ်စဉ်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်က မြွေပွေးကိုက်ခံရတာ ဖြစ်ပါတယ်။ ခြောက်ရာခိုင်နှုန်း လောက်ကတော့ မြွေဟောက်ကိုက် ခံရတာဖြစ်ပြီး ကျန်တဲ့ရာခိုင်နှုန်း အနည်းငယ်က အခြားမြွေအမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးဝါးစက်ရုံ(အင်းစိန်) အနေနဲ့ မြွေပွေးအဆိပ်ဖြေဆေးကို ရာခိုင်နှုန်းအများစု ထုတ်လုပ်ပြီး မြွေဟောက် အဆိပ်ဖြေဆေးကို ၁၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်နေပါတယ်” ဟု ဆေးဝါးစက်ရုံ(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



လက်ရှိ၌ ပြည်တွင်းလိုအပ်ချက်ထက် ပြည့်စုံသော မြွေဆိပ်ဖြေဆေးများအား ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘ ဏ္ဍာနှစ်အတွင်း ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေး အ လုံး ၅၀၀ စမ်းသပ်တင်ပို့ ရောင်းချခဲ့ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံး ၅၀၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)က ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ဒေသတွင်းနိုင်ငံများသို့ ရောင်းချနေပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေး အဆိပ်ဖြေဆေး အအေးခဲခြောက် အလုံး ၃၀၀ နှင့် လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးအလုံး ၂၀၀ ကို တစ်လုံးလျှင် အမေရိကန် ၂၂ ဒေါ်လာဖြင့် တင်ပို့ရောင်းချခဲ့ပြီး ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ မြွေဆိပ်ဖြေဆေးများ ကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ဆေးလုံးရေ တစ်သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အန္တရာယ်အရှိဆုံးမှာ ကျေးလက်နေ တောင်သူလယ်သမားများဖြစ်ပြီး မြွေကိုက်ခံရမှုများတွင် မြွေပွေးကိုက်ခံရသူ အရေအတွက် အများဆုံးဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ဝေးလံခေါင်ဖျားဒေသများနှင့် ကျေးလက်များသို့ ယင်းဆေးများကို ပေးပို့အသုံးပြုရာ၌ အဆင်ပြေစေရန်အတွက် မြွေဆိပ်ဖြေဆေးရည် သာမက သာမန်အခန်း အပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အအေးခဲ ခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချိပေးလျက် ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် အသုံးပြုမည့် မြွေဆိပ်အတွက် လိုအပ်သည့် သုတေသန လုပ်ငန်းများကိုမူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မြွေဆိပ်သုတေသန လုပ်ငန်းနှင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ လုပ်ငန်းများကို ဘရာဇီး နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂၀ ၁၆ ခုနှစ် မေ ၂၀ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်းအပူချိန်၌ ဆေးသက်တမ်း ငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ကြောင်း၊ မြွေဆိပ်ဖြေဆေးများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှစ၍ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင် လာအိုနိုင်ငံသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment