Monday, June 17, 2019

တပ်မတော်ပိုင်မြေ ဘုရင့်နောင်ပွဲရုံဝန်းနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလတ်တလော အတည်မပြုပေးနိုင်သေးကြောင်း တပ်မြို့စည်ပင် အတွင်းရေးမှူး ပြောကြား

တပ်မတော်ပိုင်မြေ ဘုရင့်နောင်ပွဲရုံဝန်းနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် ကောလဟာလများနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လတ်တလော အတည်မပြုပေးနိုင်သေးကြောင်း တပ်မြို့စည်ပင်အတွင်းရေးမှူး ဦးမိုးမင်းဝင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။



“ဘုရင့်နောင်ပွဲရုံဝန်းနဲ့ ပတ်သက်ပြီး ကောလဟာကကိုတော့ လတ်တလောမှာ အတည်မပြုနိုင်သေးပါဘူး။ အတည်ပြုပေးနိုင်ရင် တရားဝင် အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ကို လတ်တလော အတည်မပြုနိုင်သေးတာပါ၊ အတည်ပြုနိုင်မယ့် အချိန်မှာဆိုရင် မီဒီယာကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တပ်မြို့စည်ပင်အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံဝန်းသည် မြေဧက ၁၄၀ ခန့်ရှိပြီး တပ်မြို့စည်ပင်မှ ပိုင်ဆိုင်သည့်မြေဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင်ပွဲရုံဝန်းအား အဆင့်မြှင့်တင်ရန်အတွက် ယခုနှစ်ဘတ်ဂျက်တွင် သိန်းပေါင်း ၁၆၀၀၀ ကျော်ချထားပေးကြောင်း၊ ယခုနှစ်တွင်လည်း သိန်းပေါင်း ၆၀၀၀ ကျော်ချထားပေးပြီး ပွဲရုံဝန်အား သက်တမ်းတိုးမြှင့်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မရမ်းကုန်း မြို့နယ်၊ မဲဆန္ဒ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားထားသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ဘုရင်နောင့်ပွဲရုံဝန်းသည် တပ်မတော်ပိုင်မြေဖြစ်သဖြင့် သက်တမ်းပြည့်ပါက စည်ပင်သို့ ဆက်လက်ငှားရမ်းခြင်းမပြုတော့ဘဲ ပွဲရုံအားအခြားနေရာသို့ ပြောင်းလဲဖွင့်လှစ်ရန် ဆောင်ရွက်နေသည်ဟု ပျံ့နှံ့နေသည့် ကိစ္စများသည် လုံးဝမဟုတ်မှန်ကြောင်း ဦးရန်ရှင်းက ပြောကြားသည်။

“ဘုရင့်နောင်ပွဲရုံက ကာကွယ်ရေးဝန်ကြီးဌာနအပိုင်ပါ ၊ နှစ် ၃၀ ငှားရမ်းထားတာ၊ ၂၀၂၀-၂၀၂၁ မှာ ငှားရမ်းတာပြည့်ပါပြီ၊ ထပ်တိုးဖို့အတွက် ညှိနှိုင်းတာတွေလုပ်နေတယ်။ ငှားရမ်းခနဲ့ပတ်သက်ပြီး အခွန်အခ ငှားရမ်းခတွေတိုးဖို့ဆိုပြီး ညှိနှိုင်းတာတွေ ပြုလုပ်နေတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး” ဟု ဦးရန်ရှင်းက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံသည် အခြေခံစားသောက်ကုန်ဖြစ်သည့် ကုန်ခြောက်များအား မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချပေးနေသည့် အဓိကနေရာဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment