Monday, June 17, 2019

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စနှင့် သက်ဆိုင်ခြင်းမရှိသော အခြားရေးရာကိစ္စများ၌ ရှုပ်ထွေးအောင်ဆောင်ရွက်နေသည့် ရဟန်းပုဂ္ဂိုလ်များကို ‘ဆရာတော်’ ဟု သုံးနှုန်းခြင်းသည် သာသနာတော် ညှိုးနွမ်းစေကြောင်း သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စနှင့် သက်ဆိုင်ခြင်းမရှိသော အခြားရေးရာကိစ္စများ၌ ရှုပ်ထွေးအောင်ဆောင်ရွက်နေသည့် ရဟန်းပုဂ္ဂိုလ်များကို ‘ဆရာတော်’ ဟု သုံးနှုန်းခြင်းသည် သာသနာတော်ညှိုးနွမ်းစေကြောင်း သာသနာရေးဝန်ကြီးဌာနက ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အထဲမှာ အကုန်လုံးဖော်ပြထားပါတယ်။ ကျွန်တော်တို့ အပိုဒ် ၇ မှာလည်း သေချာလေးဖော်ပြထားပါတယ်။ အဲဒါဆိုရင် ရှင်းသွားမှာပါ” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။



အဆိုပါထုတ်ပြန်ချက်တွင် သာသနာတော်ကို အလေးမထားသူ၊ ဝိနည်းသိက္ခာပုဒ်တို့ကို မစောင့်ထိန်းသူသည် သင်္က္န်းဝတ်သာဖြစ်၍ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာစက်ဖြင့် အရေးယူခံရသူ၊ ဥပဒေကျူးလွန်သူ ဝရမ်းပြေးဖြစ်နေလျှင် မည်သို့မျှ ‘ဆရာတော်’ ဟု မခေါ်ဆိုထိုက်ကြောင်း၊ ရဟန်းသံဃာတော်များအား ဝိနည်းတော်အရ နဝ၊ မဇ္ဈိမ၊ ထေရ၊ မဟာထေရဟုလည်းကောင်း၊ သိက္ခာဝါအရ ထေရ်ငယ်၊ ထေရ်လတ်၊ ထေရ်ကြီးဟုလည်းကောင်း၊ သာသနာ့တာဝန် သာသနာပြု ဂုဏ်ရည်အရ ကျောင်းထိုင်ပဓာနဆရာတော်၊ နာယကဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တိုက်ကြပ်ဆရာတော်၊ စာချဆရာတော်၊ သံဃာ့အဖွဲ့ နာယကဆရာတော်စသဖြင့် အလေးအမြတ်ပြုလျက် သုံးနှုန်းခေါ်ဆိုထိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


ထို့ပြင် သာသနာ့တာဝန် သာသနာပြု ဂုဏ်ရည်ဆောင်ရွက်တော်မူနေကြသော ဆရာတော် သံဃာတော်အရှင်မြတ်တို့အား ကြည်ညိုမှု၊ ရိုသေမှု၊ ဂရုဂါရဝထားမှုတို့အရ ‘ဆရာတော်’ ဟု သုံးနှုန်းဖော်ပြထိုက်သော်လည်း သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စနှင့် သက်ဆိုင်ခြင်းမရှိသော အခြားရေးရာကိစ္စများ၌ ရှုပ်ထွေးအောင် ဆောင်ရွက်နေသည့် ရဟန်းပုဂ္ဂိုလ်များအား ဆရာတော်ဟု ဝေါဟာရ သုံးနှုန်းဖော်ပြနေခြင်းသည် သာသနာတော်ညှိုးနွမ်းစေသဖြင့် ခေါ်ဆိုရန် မထိုက်ဘဲ အလေးဂရုပြုသင့်ကြောင်း ပါရှိသည်။

အလားတူ ‘ရဟန်း’ ဆိုသည်မှာ သံဃာလေးပါးနှင့်အထက်က သိမ်းတွင်း၌ ဥတ္တိစတုတ္ထိ ကမ္မဝါစာရွတ်ဖတ်လျက်  သိက္ခာတင်ချီးမြှောက်ခံရသော အသက် ၂၀ ရှိ အမျိုးသားကိုခေါ်ပြီး ထိုပုဂ္ဂိုလ်သည် သေခိယ ၇၅ ပါးအပါအဝင် ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို စောင့်ထိန်းမှသာလျှင် ‘ရဟန်း’ ဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း၊ သိက္ခာပုဒ်တို့ကို မချစ်မြတ်နိုးဘဲ အလွယ်တကူဖျက်ဆီးသူကို အလဇ္ဇိ (မရှက်တတ်သူ)ဟုလည်းကောင်း၊ မကြာခဏ ဝိနည်းသိက္ခာပုဒ်ကျူးလွန်သူကို သုဿီလ(သီလမရှိသူ)ဟုလည်းကောင်း ခေါ်ဆိုရမည်ဖြစ်ကြောင်း၊ သိက္ခာပုဒ်တို့ကို မြတ်နိုးရိုသေစွာ စောင့်ထိန်းလျက် ရဟန်းသိက္ခာ(ဝါ) အနှစ် ၂၀ အထက်ရှိသူကိုသာ ‘ဆရာတော်’ ဟု ခေါ်ဆိုထိုက်ပြီး အလဇ္ဇိ၊ သုဿီလစာရင်းဝင်လျက် သိက္ခာပုဒ်တို့ကို ပြောင်ပြောင်တင်းတင်း မျက်နှာပြောင်တိုက် ကျူးလွန်သူကို ‘ဆရာတော်’ ဟု မခေါ်ဆိုထိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းထုတ်ပြန်ချက် အပုဒ် ၇ တွင်  မြတ်ဗုဒ္ဓ၏ သြဝါဒဖြစ်သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ၏ အဓိကတာဝန်မှာ ဂန္ထဓုရ(ပရိယတ္တိသာသနာ)၊ ဝိပဿနာဓုရ (ပဋိပတ္တိသာသနာ) နှစ်ဖြာတို့ကိုသာ ကျင့်ကြံအားထုတ်တော်မူရန် သြဝါဒမိန့်ကြားထားခဲ့သော်လည်း သာသနာတော်ညှိုးနွမ်းစေသူ၊ သံဃာ့အဖွဲ့အစည်းအသီးသီး၏ သြဝါဒခံယူခြင်းမရှိသူ၊ ဝိနည်းသိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသူ၊ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးထိခိုက်အောင် သွေးထိုးလှုံ့ဆော်နေသူများသည် ‘ရှင်ရဟန်းများ’ မဖြစ်ထိုက်ကြောင်း၊ ゞင်းတို့သည် သင်္က္န်းဝတ် အရေခြုံများသာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ゞင်းတို့၏ ပြုမူဆောင်ရွက်များကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဂုဏ်သိက္ခာမှာ ညှိုးနွမ်းကျဆင်းနေရကြောင်း ဖော်ပြထားသည်။

အဆိုပါ ‘အလဇ္ဇိ၊ သုဿီလ’ များ၏ ပြုမူဆောင်ရွက်ချက်များကြောင့် ယခုအချိန်တွင် မြတ်ဗုဒ္ဓသာသနာတော်သည် ညှိုးနွမ်းလျက်ရှိပြီး အခြေအနေအချိန်အခါနှင့်အညီ သာသနာတော်သန့်ရှင်းရေး ဆောင်ရွက်မှသာလျှင် ထေရဝါဒအုတ်မြစ် ခိုင်မာမည်ဖြစ်ကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရနှင့် ပြည်သူများက သာသနာတော်သန့်ရှင်းရေးကို တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် သာသနာတော်ကြီး အရှည်ခန့်၍ တည်တံ့နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments:

Post a Comment