Monday, June 17, 2019

အသက် ရှစ်နှစ်အောက် ကလေး ၃၀၀ ကျော် အပါအဝင် ရွှေ့ပြောင်းဝင်ရောက်သူ ရှစ်ရာနီးပါးကို မက္ကဆီကို ဖမ်းဆီး

မက္ကဆီကိုနိုင်ငံ ဗာရာခရုဇ်ပြည်နယ်မှာ အသက်ရှစ်နှစ်အောက် ကလေး ၃၆၈ ဦး အပါအဝင် လက်တင်အမေရိကမှ ရွှေ့ပြောင်းဝင်ရောက်သူ ၇၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အာဏာပိုင်တွေက ဇွန် ၁၆ ရက်မှာ ပြောပါတယ်။ေ နာက်တွဲယာဉ် လေးစီးထဲ ပုန်းအောင်းလိုက်ပါလာတဲ့ အဲဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေကို နေရာနှစ်နေရာကနေ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသား ရွှေ့ပြောင်းဝင်ရောက်သူဆိုင်ရာအဖွဲ့က ပြောပါတယ်။



အခု ဖမ်းဆီးတဲ့အထဲမှာ အယောက် ၂၇၀ ဟာ ခြောက်နှစ်၊ ခုနစ်နှစ်အောက် ကလေးတွေဖြစ်ပြီး ၉၈ ဦးဟာ အသက်ငါးနှစ်အောက်ကလေးတွေ ဖြစ်တယ်လို့ အေအက်ဖ်ပီက ဖော်ပြပါတယ်။

ဂွါတီမာလာနိုင်ငံက ၄၁၃ ဦး၊ ဟွန်ဒူးရပ်စ်က ၃၃၀ ဦးနဲ့ အယ်လ်ဆာဗေဒိုမှ ၃၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အခု ဖမ်းဆီးမှုမှာ လူမှောင်ခိုကုန်ကူးသူ ခြောက်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အခြားသတင်းရင်းမြစ်တစ်ရပ်ကလည်း ဆိုပါတယ်။

ဗာရာခရုဇ်ပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံရဲ့ တည်ငြိမ်မှုအကင်းမဲ့ဆုံး ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ဆီ မူးယစ်ဆေးဝါး ဝင်ရောက်ရာ လမ်းကြောင်းလည်း ဖြစ်သလို ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ဓားပြတိုက်မှု၊ သားမယားပြုကျင့်မှုနဲ့ ပြန်ပေးဆွဲမှုစတဲ့ အန္တရာယ်တွေကြားကနေ ဖြတ်သန်းဝင်ရောက်နေတဲ့ ပြည်နယ်လည်းပဲ ဖြစ်ပါတယ်။

No comments:

Post a Comment