Monday, June 17, 2019

ကေသရာဇာနဲ့ မြက်

(တစ်)ေ ကသရာဇာမှန်ရင် မြက် မစားတဲ့။ အဲသည်စကားကို ဆို ရိုးဖြစ်သွားအောင် အဘယ်သူ ကောင်းသားကများ ကနဦးစလို့ ပြောခဲ့လေသလဲ မပြောတတ်ပါ ဘူး။ အခုတော့ အဲသည့်စကားက ဟုတ်ပုံမှ ရပါတော့ရဲ့လားမသိ။ ပြဿနာတက်နေကြပြီလေ။ စုံနံ့သာမြိုင်တောအစပ်က ဆိုက်ကားဂိတ်မှာ။  အဟုတ်။ ခြင်္သေ့တွေနဲ့ ဆိုက်ကားနင်းတဲ့သတ္တ၀ါကလေး တွေ ပြဿနာဖြစ်တာ။ ဆိုက်ကား ကိစ္စကိုပဲ အခြေခံပြီးဖြစ်တာပေါ့။ နေဦးလေ။ ကိုယ့်လူက သိချင် စိတ်လောကြီးလိုက်တာ။ ဘယ့် နှယ်။ ခြင်္သေ့တွေက ဆိုက်ကား ၀င်နင်းရမှာတုံး။ ဒီလို။



(နှစ်) အခုနောက်ပိုင်း ခြင်္သေ့တွေ လည်း စီးပွားရှာလာသဗျ။ စာပေ ဗဟုသုတ နည်းနည်းရှိပုံရတဲ့ ခြင်္သေ့တစ်ကောင်ကဆိုရင် To get rich is glorious ဆိုပြီး တရုတ်ခေါင်းဆောင်ကြီး တိန့် ရှောင်ဖိန် (Deng Xiaoping) ရဲ့ စကားကိုတောင် တောသတ္တ၀ါ တွေအလယ်မှာ မကြာခဏရွတ် လို့။ ချမ်းသာတာကောင်းတယ်။ ပိုက်ဆံရှိတာ ကျက်သရေမင်္ဂလာ အပေါင်း ခညောင်းတယ်။ အနို့ ကလိုကိုး။

ခြင်္သေ့ခပ်ရွယ်ရွယ်ကလေး တွေဆိုရင် ခါးကြားမှာ စာအုပ် ကလေးတွေ ကိုယ်စီထိုးလို့။ တော ထဲမှာ တောင်သွားမြောက်သွား လျှောက်သွားကြရင်း သစ်ပင် အရိပ်ကောင်းကောင်းတွေ့တာနဲ့ အဲသည် ခါးကြားကစာအုပ်ကို ထုတ်ပြီး ဖတ်တော့တာပါပဲ။ ခြင်္သေ့ကလေး တစ်ကောင်က ဘယ်ကနေရှာဖွေပြီး ရလာသလဲ မသိ၊ The richest man in Babylon ဆိုတဲ့ ဘုတ်အုပ်နဲ့။ ဘေ ဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်။ အဲဒါကို ထော့နင်းထော့နင်းနဲ့ ဖတ်နေတာ။ အစွယ်တွေကျိုးနေ တဲ့ ခြင်္သေ့အိုကြီးတစ်ကောင်က ဘာဖတ်နေတယ် ထင်သတုံး။ ဆရာဖေမြင့်ရေးတဲ့ သင်ဘာ့ ကြောင့် ခုထိမချမ်းသာသေးတာ လဲတဲ့။ အဲ... နောက်ခြင်္သေ့လေး တစ်ကောင်က စာအုပ်နဲ့မျက်နှာနဲ့ မခွာတော့ဘူး။ ကမ္ဘာကျော်သန်း ကြွယ်သူဌေးကြီးများတဲ့။

ပြောရရင် စုံနံ့သာမြိုင်တော ထဲက ခြင်္သေ့တွေပြောင်းလဲသွား ပြီဆိုတာပဲဗျာ။ အစွယ်ကြီးတွေ အဖွေးသားနဲ့ ကိုယ့်တော၊ ကိုယ့် တောင်ကို ကာကွယ်မယ် ဘာညာ ဆိုတာမဟုတ်တော့ဘူး။ ဗိုက်က လေးထဲမှာ အစာဝနေရင် အေး အေးဆေးဆေးပဲ ဆိုတာလည်း မဟုတ်တော့ဘူး။ သူတို့ချမ်းသာ ချင်တယ်။ သူတို့ချမ်းသာချင်စိတ် တွေ ယိုဖိတ်တယ်။ ယိုဖိတ်ရုံမက လျှံကျတယ်။

အဲသမှာ စုံနံ့သာမြိုင်ပြောင်း တာပါ။ ခြင်္သေ့တွေ ဈေးတန်းထဲ ကို ၀င်ပြီ။

(သုံး)

စုံနံ့သာမြိုင်ထဲက ပိတောက် ချောင်ကို သိမှာပေါ့။ ပိတောက် ပင်တွေများလွန်းသမို့ ပိတောက် ချောင်လို့ခေါ်တာ။ အဲသမှာ စက် ရုံကြီးတစ်ရုံတွေ့လားမသိ။ အဲဒါ စီးကရက်စက်ရုံကြီးခင်ဗျ။ ခြင်္သေ့ ပိုင်တဲ့ခင်ဗျ။ နေဦး... တစ်ခါတစ် ခါ မာစီဒီးနဲ့လာတဲ့ ခြင်္သေ့ကြီးတစ် ကောင်ရှိတယ်မဟုတ်လား။ နေ ကာမျက်မှန်အမည်းကြီးနဲ့ ခြင်္သေ့ ရယ်လေ။ အဲ....သူက စီးကရက် စက်ရုံမှာ တာဝန်ခံပဲ။

စုံနံ့သာမြိုင် တောထဲက သတ္တ၀ါကလေးတွေ ချောင်းတ ဟွပ်ဟွပ်နဲ့ ဖြစ်နေတာ အဲသည် ခြင်္သေ့ပိုင် စီးကရက်စက်ရုံရဲ့ လက်ချက်ပေါ့။

နောက်အဆွေတို့ စုံနံ့သာ မြိုင်ကို ဖြတ်သွားတဲ့ချောင်းကြီးရဲ့ အဖျားပိုင်းမှာ တောင်ကုန်းကို မေးတင်ပြီးဆောက်ထားတဲ့ စက် ရုံကြီးတစ်ခုကို တွေ့မလားမသိ ဘူး။ အဲဒါက ၀ီစကီစက်ရုံလေ။ နာမည်က လှလှလေး။ စုံတော မြိုင်ဝီစကီတဲ့။ တောထွက်စစ်စစ်။ အဲဒါလည်း ခြင်္သေ့ပိုင်ပဲ။ အဲ သည့်စက်ရုံကို အုပ်ချုပ်နေတဲ့ ခြင်္သေ့ကတော့ ကြီးပြီ။ ကားပေါ် ကဆင်းလာရင် ချယ်ရီသားတုတ် ကောက်နဲ့။ လှုပ်လှုပ် လှုပ်လှုပ်။

စက်ရုံထဲမှာ တော်တော့ကို ကျယ်တာကတော့ ဗျစ်စက်ရုံ။ တချို့က ဘီယာလည်း ခေါ်သပေါ့။ ပြင်သစ်လိုက Biere၊ အင်္ဂလိပ်လိုက Beer၊ တောထဲမှာ ဘယ့်နှာသို့များ ဗျစ်ဖြစ်သွားရလေ တယ်မသိ။ ထား။ အဲသည့်စက်ရုံ ကြီးက မြေပြန့်ထဲမှာ။ အဆောင် ဆောင် အခန်းခန်းတွေနဲ့ပေါ့။ အဲဒါလည်း ခြင်္သေ့ပိုင်ပဲ။

အဲသည် ၀ီစကီနဲ့ ဗျစ်ဆိုင် တွေက တောထဲမှာအပြည့်။ ရူး ကြောင်မူးကြောင်နဲ့ မျိုးဆက်သစ် သတ္တ၀ါကလေးတွေ ထွက်ထွက် လာကြတာ အဲသည့်ဆိုင်တွေထဲ ကပေါ့။

ဪ...အေး...မေ့ဦးတော့ မလို့။ တောတစ်နေရာမှာ ကား ၀င်းကြီးတစ်ခုများ တွေ့မိသေးသ လားမသိဘူး။ အဲသမှာ ကားမျိုးစုံ စီတန်းလို့။ တောတွင်းမှာ ပတ် ပြေးနေတဲ့ ကားတွေရော၊ ရပ်ဝေး ကိုသွားတဲ့ ကားတွေရော အဲသ ဟာ ခြင်္သေ့ပိုင်ပဲ။

ဟိုတယ် ၁၀ လုံးမှာ ရှစ်လုံး က ခြင်္သေ့ပိုင်။ ဓာတ်ဆီဆိုင် ၁၀ ဆိုင်မှာ ရှစ်ဆိုင်က ခြင်္သေ့ပိုင်။ ဘဏ် ၁၀ ခုမှာ ရှစ်ခုက ခြင်္သေ့ ပိုင်။ ဧရာမဈေးကြီး (Super Market) ၁၀ ခုမှာ ရှစ်ခုက ခြင်္သေ့ ပိုင်။ ကုမ္ပဏီ ၁၀ ခုမှာ ရှစ်ခုက ခြင်္သေ့ပိုင်။ သစ်တောကြိုးဝိုင်း ၁၀ ခုမှာ ရှစ်ခုက ခြင်္သေ့ပိုင်။ ကျောက်သံပတ္တမြားလုပ်ကွက် ၁၀ ကွက်မှာ ရှစ်ကွက်က ခြင်္သေ့ပိုင်။ ရွှေမှော် ၁၀ မှော်မှာ ရှစ်မှော်က ခြင်္သေ့ပိုင်။ အထူးအထွက်တိုး လယ်ယာမြေ ၁၀ ခုမှာ ရှစ်ခုက ခြင်္သေ့ပိုင်။

အိုး....အဖြစ်သရုပ်ကိုအနှစ် ချုပ်လိုက်ကြပါစို့။ ကေသရာဇာ တို့ ပိုက်ဆံရှာပြီ။

(လေး)  အဲသမှာ ခုနကပြောခဲ့ ပြဿနာတက်တာပါ။ ခြင်္သေ့တွေ နဲ့ တောစပ်ဆိုက်ကားဂိတ်က သတ္တ၀ါတွေနဲ့။

ခြင်္သေ့တွေက အဲသမှာသွား ပြီး ဆိုင်ကယ်တက္ကစီကုမ္ပဏီ သွားဖွင့်တာပါ။ မော်တော်ဆိုင် ကယ်အစီး ၁၀၀ နဲ့။ ဆိုက်ကား နင်းတဲ့သတ္တ၀ါကလေးတွေ သေ ပြီဆရာဖြစ်ပေါ့။ စကားများကြ တာပါပဲ။ တွန်းလားထိုးလား တောင်ဖြစ်ပေါ့။ အနို့သော် ခြင်္သေ့ တွေက အစွယ်လှစ်ပြတော့ သတ္တ ၀ါမှန်သမျှ တွန့်သွားကြတာပါပဲ။

ဖွတ်မိကျောင်းဖြစ်ရင် မြစ် မချမ်းသာတဲ့။ ကေသရာဇာတွေ ပိုက်ဆံအသည်းအသန် ရှာကြပြီ ဆိုတဲ့အခါ တောသတ္တ၀ါတွေ ဘယ့်နှာလုပ်ကြရပါ့။ ခြင်္သေ့တွေ က မြက်တောင်မှ စားတော့မယ့် ပါးစပ်ကြီးတွေနဲ့။ သတ္တ၀ါ အနန္တ သေဖို့သာပြင်ကြပေတော့။ 

No comments:

Post a Comment