Monday, June 17, 2019

ယူရိုငွေဖြင့်ရောင်းချမည့် ကျောက်မျက်ပြပွဲ နေပြည်တော်တွင် ကျင်းပမည်

နိုင်ငံတော်အစိုးရအတွက် နိုင်ငံခြားငွေရရှိစေဖို့ ရည်ရွယ်ပြီး လာမယ့် စက်တင်ဘာ ဒုတိယအပတ်အတွင်းမှာ ယူရိုငွေနဲ့သာ အရောင်းအဝယ်ပြုလုပ်ရမယ့် ကျောက်မျက်ရတနာ အရောင်းပြပွဲကို နေပြည်တော်မှာ ကျင်းပသွားဖို့ရှိတယ်လို့ ပြပွဲကျင်းပရေး ဗဟိုကော်မတီအဖွဲ့က ပြောပါတယ်။



ယူရိုငွေနဲ့ အရောင်းအဝယ်ပြုလုပ်မယ့် ကျောက်မျက်ရတနာပြပွဲတွေကို နှစ်စဉ် မတ်လနဲ့ စက်တင်ဘာလတို့မှာ ပြုလုပ်ပြီး နိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ဖို့အတွက် မူဝါဒ ချမှတ် ဆောင်ရွက်နေတာလို့လည်း ပြပွဲကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

“နိုင်ငံခြားငွေရဖို့အတွက် အဓိက ဦးတည်ဆောင်ရွက်ပေးရတာပေါ့။ ယူရိုပွဲကိုတော့ မတ်လပေါ့ ၃ လပိုင်းနဲ့ စက်တင်ဘာပေါ့ ၉ လပိုင်းမှာ ကျနော်တို့လုပ်မယ်။ စက်တင်ဘာ ဒုတိယ အပတ်လောက်မှာ ယူရိုပွဲလုပ်ဖို့ စီစဉ်ထားတယ်။ တနှစ်မှာ ၂ ပွဲ လုပ်မယ်”

ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးနေတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ပြပွဲတွေကိုတော့ ဈေးကွက်လိုအပ်ချက် အပေါ်မူတည်ပြီး ယူရိုငွေနဲ့ ရောင်းချမယ့် ကျောက်မျက်ပြပွဲ ကျင်းပခြင်းမရှိတဲ့ ကြားကာမှာ လုပ်ဆောင်ပေး သွားမယ်လို့ ပွဲကျင်းပရေးကော်မတီက ဆိုပါတယ်။

“စက်တာဘာ ဒုတိယပတ်လောက်မှာ ယူရိုပွဲလုပ်ဖို့စီစဉ်ထားတယ်။ စက်တင်ဘာ ပြီးလို့ မတ်လ မရောက်ခင်မှာ ဈေးကွက်လည်း လိုအပ်ချက်ရှိမယ်။ ရောင်းစရာ ကုန်ရိုင်းလည်း ရှိမယ်ဆိုရင် ကျနော်တို့က ကျပ်ငွေပွဲကို ဆောင်ရွက်ပေးမယ်ပေါ့နော်။ အဲလိုတော့ရှိတယ်”လို့ ပြပွဲကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာတော့ ကျောက်မျက် အတွဲပေါင်း ၄၉ တွဲနဲ့ ကျောက်စိမ်းအတွဲပေါင်း ၃၀၁၁ တွဲကို အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြည်တွင်း ကျောက်မျက်ရတနာဈေးကွက် အကောင်းဘက်ကို ဦးတည်လာနိုင်တယ်လို့ ပြပွဲကျင်းပရေး ကော်မတီက သုံးသပ် ပြောကြားထားပါတယ်။

No comments:

Post a Comment