Monday, June 17, 2019

မူးယစ်ဆေးဝါးနှင့် လိင်အရှုပ်တော်ပုံများဖြစ်ပေါ်နေစဉ် YG Entertainment ၏ အမှုဆောင်အရာရှိချုပ် Yang Hyun– Suk ရာထူးမှ နုတ်ထွက်

ကိုရီးယား၏ ထိပ်တန်းအနုပညာ အေဂျင်စီတစ်ခုဖြစ်သည့် YG Entertainment မှ အနုပညာရှင်များ ပါဝင်ပတ်သက်သည့် မူးယစ်ဆေးဝါးနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများဖြစ်ပေါ်နေစဉ် ယင်းအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ် Yang Hyun Suk က ရာထူးမှ နုတ်ထွက်ကြောင်း ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ YG Entertainment တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သည့် Yang က အေဂျင်စီအတွက် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ရာထူးအားလုံးနှင့် တာဝန်အားလုံးမှ နုတ်ထွက်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။


Yang Hyun- Suk ၏ ညီဖြစ်သည့် Yang Min-suk ကလည်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အောင်မြင်သည့် အမျိုးသားအဆိုတော်အဖွဲ့ Soe Tae Ji and Boys ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Yang သည် ယင်းအဖွဲ့ဖျက်သိမ်းခဲ့ပြီးနောက် Yg ကိုထူထောင်ခဲ့ပြီး BigBang နှင့် BLACKPINK တို့ကဲ့သို့သော အောင်မြင်သည့် ကေပေါ့ပ်အဖွဲ့များနှင့် အဆိုတော်များကို မွေးထုတ်ပေးခဲ့သည်။

“ပြီးခဲ့တဲ့ ၂၃ နှစ်မှာ ကျွန်တော့်ဘဝကို YG Entertainment အတွက် နှစ်မြှုပ်ထားခဲ့တယ်။ မူးယစ်ဆေးအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရှက်တကွဲ ဖြစ်ရတာတွေကို ကျွန်တော် ခံနိုင်ရည်မရှိတော့ပါဘူး” ဟု အသက် ၄၉ နှစ်အရွယ် Yang က ပြောကြားခဲ့သည်။

YG ၏ အနုပညာရှင်များထဲမှ တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေဖြည့်ဆည်းပေးခဲ့သည်ဟုဆိုသော လူတစ်ဦးကို Yang က နှုတ်ပိတ်ရန်ကြိုးစားခဲ့သည်ဟု KBS ရုပ်သံက ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ရှိလာခြင်းဖြစ်သည်။

YG Entertainment မှ အဆိုတော်အချို့သည် အရှုပ်တော်ပုံများတွင် ပါဝင်ပတ်သက်ခဲ့ပြီးနောက် အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ BigBang အဖွဲ့ဝင် ဆန်းရီသည် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိင်ဝန်ဆောင်မှုများ စီစဉ်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် မတ်တွင် အနုပညာလောကမှ အနားယူခဲ့သည်။ YG လက်အောက်ရှိ iKon အဖွဲ့မှ အဆိုတော် ကင်ဟန်ဘင်သည်လည်း လွန်ခဲ့သည့်သုံးနှစ်က မူးယစ်ဆေးဝယ်ယူခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် ဇွန် ၁၂ ရက်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

No comments:

Post a Comment