Monday, June 17, 2019

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဗိဿနိုး၊ ဟန်လင်း မြို့ဟောင်း သုံးမြို့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ချက်များ ရှိနေဟုဆို

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ လာရောက်သော ကမ္ဘာလှည့်ခရီးသွားများအား ကမ္ဘာ့အမွေနှစ်နှင့် လျော်ညီသည့် ဝန်ဆောင်မှု မပေးနိုင်သည့်အတွက် နိုင်ငံပုံရိပ် ကျဆင်းကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကမ္ဘာ့အမွေနှစ်ဌာနခွဲ (သရေခေတ္တရာဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။



သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဗိဿနိုး၊ ဟန်လင်းမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်မှာ ဇွန် ၂၂ ရက်တွင် ငါးနှစ်ပြည့်ပြီဖြစ်ပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် လိုအပ်ချက်များ ရှိနေကြောင်း၊ နိုင်ငံတော်၏ ပံ့ပိုးမှုများစွာ လိုအပ်နေပြီး ကမ္ဘာ့အမွေအနှစ်ရှိခြင်းမှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံကို များစွာဂုဏ်တက်စေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကမ္ဘာ့အမွေနှစ်ဌာနခွဲ (သရေခေတ္တရာဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

“ဆက်လက်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့က ကျွန်တော်တို့ ဦးစီးဌာန တစ်ခုတည်း မရဘူး။ ကမ္ဘာ့အမွေအနှစ်ကြီးတော့ ရထားပြီ။ ဒါပေမဲ့ နိုင်ငံတကာက လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် ရှိတယ်ဆိုပြီး တခုပ်တရလာကြည့်တဲ့ အခါမှာ သူတို့အတွက် ဝန်ဆောင်မှုတွေ ဘာမှမပေးနိုင်ဘူး။ သွားလာနေထိုင်တာကအစ မပေးနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ပုံရိပ်ကျတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်လိုအဆင့်မြှင့်တင်ရမလဲ ဘယ်လိုလုပ်ရမလဲ။ လက်ရှိအစိုးရနဲ့ တိုင်းဒေသကြီး နောက် အဓိကကတော့ ပဲခူးတိုင်းထဲမှာ ရှိနေတဲ့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ ဂုဏ်လည်းမြင့်တယ်။ ဒါကြောင့်မို့ တိုင်းဒေသကြီးအနေနဲ့ ဒီဆိုက်ကို ပံ့ပိုးပေးခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ တိုင်းဒေသကြီး အတွက် ဂုဏ်ရှိလာမှာဖြစ်တယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

နိုင်ငံတော် အစိုးရအပြင် ဒေသခံများ အနေဖြင့်လည်း စနစ်တကျ လိုက်ပါဆောင်ရွက်ဖို့လိုကြောင်း၊ ရှေးဟောင်း အဆောက်အအုံများတွင် ဆိတ်နွားကျောင်းခြင်းများ အမှိုက်စွန့်ပစ်မှုများအား စနစ်တကျ လိုကြောင်း၊ ယင်းသို့ ဝိုင်းဝန်းထိန်းသိမ်းမှသာ ကမ္ဘာ့အမွေနှစ်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

သရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုးပျူမြို့ဟောင်းသုံးမြို့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၂၂ ရက်က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်သော (၃၈) ကြိမ်မြောက် ကုလသမဂ္ဂ ပညာရေးနှင့် သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment