Monday, June 17, 2019

ပဲခူးတိုင်းအတွင်း ဆည်ရေခွန်ကြွေးကျန် ကျပ်သန်း ၃၃၀၀ ကျော်ရှိကြောင်း ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၂ နှစ်တာကာလအတွက် စိုက်ပျိုးရေးလုပ်ငန်းများသုံးစွဲရန် ပေးဝေဖြန့်ဖြူးနေသည့်ဆည်ရေအသုံးပြုသူ တောင်သူများထံမှ ကောက်ခံရမည့် ရေခွန်ကြွေးကျန်ကျပ်သန်းပေါင်း ၃၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။



ဒုတိယအကြိမ် ပဲခူးတိုင်း လွှတ်တော်၊ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ၁၇ ရက် မြောက်တွင် တိုင်းဘဏ္ဍာငွေအရ၊ အသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက် အစီရင်ခံစာတွင် ဖော်ပြထားပြီး အများစုမှာ လွန်ခဲ့သည့် ၇ နှစ်ကျော်မှစပြီး ကောက်ခံမှုမရှိတော့သည့်အပြင် စမ်းသပ်ပေးဝေသည့်ကာလအခက်အခဲရှိကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

“အခုနှစ်မှာ အရင်ကြွေးကျန်ဟောင်းတွေကို ကော်မတီဖွဲ့ကောက်ခံမှုလုပ်နေပြီ။ အရင်တုန်းက မကောက်ခံဘူးဆိုတာ အခက်အခဲတချို့ရှိလို့ပါ”ဟု ဆည်မြောင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ကျန်ရှိသည့် ဆည်ရေခွန်ကောက်ခံရန် အုပ်ချုပ်ရေးဌာန၊ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာနနှင့် ဆည်မြောင်းဌာနတို့ဖြင့် ကြီးကြပ်ကောက်ခံရေးအဖွဲ့တစ်ခုဖွဲ့ပြီး ကောက်ခံရန် ညွန်ကြားထားပြီးဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ဆည်မြောင်းဝန်ကြီးဌာန ရေခွန်ကောက်ခံမှုစနစ်သည် ရေခွန်ကောက် စာရေးဖြင့် ကောက်ခံရမည်ဖြစ်သော်လည်း ဌာနဝန်ထမ်းများဖြင့်အဆင်ပြေသည့် ပုံသဏ္ဌာန်ဖြင့်သာ ကောက်ခံနေကြခြင်းဖြစ်ပြီးရရှိလာသောငွေကြေးကို အစိုးရထံ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချက်ချင်းပေးသွင်းရကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရှိရသည်။

“ရေခွန်က အမှန်တကယ်တော့ပေးရမှာပါ။ ဒါပေမဲ့ တောင်သူတွေက ကတ်တတ်တတ်လုပ်ပြီး မပေးကြတဲ့သဘောပါ။ စနစ်တကျ ကောက်ခံသွားတော့မယ်ဆိုတာက ကြိုဆိုရမှာပါ”ဟု ဆွာဒေသခံ နွေစပါးစိုက်တောင်သူကြီးတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းတွင် ဆည်တမံ ၃၉ ခုရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ဆည်အချို့ရှိကာ အများစုမှာနွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေ ခြင်းပြုလုပ်နေရကြောင်း၊ လက်ရှိ ဆွာချောင်းတမံကျိုးပေါက်မှုကြောင့် ယခုနှစ် နွေစပါးစိုက်ရာသီတွင် ဆည်ရေပေးဝေနိုင်ခြင်းမရှိကြောင်း ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

No comments:

Post a Comment