Monday, June 17, 2019

မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်၊ ကျဆုံးမှုရှိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဒိုင်းသားကျေးရွာအနီးတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့် တပ်တော် အေအေတို့ ဒီနေ့မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနားမှာ ဇွန်လ ၁၆ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီကနေ ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ကျရှုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။



တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ဒိုင်းသားကျေးရွာနားမှာဖြစ်တာဗျ၊ အေအေနဲ့ ကျနော်တို့ နယ်ရှင်းလင်းရေး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာပေါ့။ မနက် ၉ နာရီကနေ ၁၂ နာရီ ဝန်းကျင်အထိဖြစ်တာ၊ တိုက်ပွဲဖြစ်တာမှန်ပါတယ်ခင်ဗျ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးခင်ဗျ၊ အေအေဘက် ကတော့ အလောင်းနည်းနည်း ရတာရှိတယ်”လို့ပြောပါတယ်။

မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီး လယ်ကွင်းပြင်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာ ဟုတ်မှန်တယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုပါတယ်။

“တိုက်ပွဲက လယ်ကွင်းထဲမှာဖြစ်တာဗျ၊ အင်အား ၁၈၀ လောက်ရှိတဲ့ ဗမာစစ်တပ်ကို ကျနော်ရက္ခိုင့်တပ်တော်ဘက်လျှပ်တပြတ် တိုက်ခိုက်ခဲ့တာရှိတယ်။ တိုက်ပွဲမှာ ရန်သူဘက်က ၁၀ ဦးထက်မနည်းကျတယ်။ နောက်ထပ် ၁၀ ဦးဒဏ်ရာရတာရှိတယ်။ ပြီးတော့ အဲ့ဒီ တိုက်ပွဲဖြစ်တဲ့ နေရာကို စစ်ကူလိုက်လာတာရှိတယ်။ အဲ့ဒီနေရာနဲ့ မလှမ်းမကမ်းမှာပဲ တိုက်ပွဲထပ်ဖြစ်တယ်။ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က ၅ ဦးကျတယ်။”

ဒီကနေ့မနက်ပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတိုက်ပွဲတွေကြောင့် ဒိုင်းသားကျေးရွာ အနီးမှာရှိတဲ့ ရွှေကျန်ကျေးရွာအနီး လက်နက်ကြီး ကျည်ရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်မှု ရှိမရှိဆိုတာကိုတော့ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ရွှေကျန်ကျေးရွာသားတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ ရွှေကျန်ကျေးရွာအနားအထိ လက်နက်ကြီးကျည်နဲ့ တပ်မတော်ဘက်က လှမ်း ပစ်နေတယ်။ လှမ်းပစ်တဲ့နေရာကိုလည်း မြင်နေရတယ်။ ရွာနားတွေ လက်နက်ကြီး ကျည်တွေ ကျတယ်။ ပေါက်ကွဲတယ်။ တချို့ကတော့ထွက်ပြေးသွားကြပြီ၊ အိမ်တွေမှာ ကျည်ထိထားတဲ့ အိမ်တွေရှိတယ်။ ကျေးရွာသားတွေက အကုန်ကစဥ့်ကလျားနဲ့ ထွက်ပြေးကုန်ကြပြီ၊ ထိခိုက်ဒဏ်ရာရတာတော့ ရှိမရှိကိုတော့ မသိဘူး” လို့ပြောပါတယ်။

ကျေးရွာသားတွေ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့က သောင်းကျန်သူပစ်တဲ့နေရာကို ပစ်တာပဲရွာထဲကို ပစ်တာမဟုတ်ဘူး။ ကျနော်တို့ရွာတွေကို ဘုန်းကြီးကျောင်းတွေကို ပျက်ပါစေတော့ဆိုပြီးတော့ ရည်ရွယ်ချက် ဒီကနေ့ အချိန်အထိတခါမှ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ပစ်တဲ့နေရာ ဘယ်နေရာကလဲဆိုတာကို လှမ်းပစ်တာပဲ၊ ဒါပဲကျနော်တို့က” လို့ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားတွေ သေဆုံးတာ၊ ဖမ်းဆီးခံရတွေ အများအပြားရှိနေသလို ပျောက်ဆုံးနေတာ တွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေကြောင့်  နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၅ သောင်းနီးပါးရှိနေပြီး လက်ရှိမှာလည်း မိုးတွင်းကာလဖြစ်တာကြောင့် နေထိုင်အရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

No comments:

Post a Comment