Monday, June 17, 2019

ကျိုက်မရောမြို့နယ် ဂျွန်ကုမ္ပဏီ ဘိလပ်မြေစက်ရုံ တည်ဆောက်မှုအတွက် ဒေသခံများအား ပထမအကြိမ်ချပြရာ ချပြထားသည့်အတိုင်း လုပ်ကိုင်မည်ကို ဝန်ခံကတိစာချုပ်ရန် ပျားတောင်ဒေသခံများ တောင်းဆို

ကျိုက်မရောမြို့နယ် ထုံးကျောက်ပျားတောင်ကို အသုံးပြု၍ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် ဂျွန်ကုမ္ပဏီက ပထမအကြိမ် ဒေသခံမက္ကရို၊ ကော့ဒူး၊ ကော့ပနော၊ ကော့ဝမ်းကျေးရွာတို့မှ ရွာသား ၁၀ဝ ခန့်ကိုချပြရာ ယခုချပြ ပြောဆိုထားသည့်အတိုင်း လုပ်ကိုင်မည်ကို မြို့နယ်၊ ပြည်နယ်၊ လွှတ်တော်တို့ တွေ့ဆုံကတိပြုလက်မှတ် ရေးထိုးထားပေးရန် တောင်းဆိုမှုရှိကြောင်း သိရသည်။

“ဆရာတို့ ပြောတဲ့အတိုင်း တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်ဆို ဒီလိုမျိုးပါးစပ်နဲ့ ပြောလို့ မဖြစ်ဘူးပေါ့။ ကျွန်တော်တို့ ဒေသခံ ကိုယ်စားလှယ်တွေနဲ့ထိတွေ့ပြီး မြို့နယ်၊ ပြည်နယ်အဖွဲ့အစည်း၊ လွှတ်တော်နဲ့တွေ့ဆုံပြီး ကတိခံဝန်ခံစာချုပ် စာတမ်းလေး လုပ်ထားလို့ရှိရင် ပိုပြီးအဆင်ပြေလောက်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ခုနတုန်းက ဆရာတို့ရှင်းပြတဲ့ ပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ ယုံကြည်ပြီးသားပါ။ အဲဒီအတိုင်းသာ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တစ်ခုတော့ သတိပေးတယ်။ MCL မှာသူတို့မြေနေရာ ဝယ်ကတည်းက တောင်သူလယ်သမားတွေနဲ့ ဆွေးနွေးပြီးတော့ သူတို့က ပေါက်ဈေးနဲ့ဝယ်တယ်။ အသုံးပြုတဲ့ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး လက်မခံလို့သာ လမ်းမကြီးထွက်ပြီး ဆန္ဒပြခဲ့တာအမြင်ပဲ။ ခုဆရာတို့လည်း ဘာကိုအသုံးပြုမလဲ ဆိုတာ မပြောရသေးဘူး။ ဂဝံမြေတူးမယ့် ကိစ္စရယ်၊ ဆိပ်ခံတံတား ကိစ္စတွေရယ်၊ မြစ်ကြောင်း ကိစ္စတွေ ရှင်းပြနေလို့ မပြီးဘူး။ အဲဒါလေးတွေ ရှင်းပြစေချင်တယ်။ အဲဒီလို ပြောခဲ့ပါတယ်” ဟု နိုင်ရွှေဝင်း မက္ကရိုဒေသခံတစ်ဦး (ပျားတောင်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့) က ပြောကြားသည်။

‘စက်ရုံက ဖြေတာက လောလောဆယ် စွမ်းအင်မရသေးတော့ ကျောက်မီးသွေး အသုံးပြုပါမယ်။ ၁၅ မဂ္ဂါဝပ် နှစ်လုံးဆိုတော့ မဂ္ဂါဝပ် ၃၀၊ ဒါတွေကိုရော မွန်ပြည်နယ်အစိုးရက ခွင့်ပြုချက်ရပြီးပြီလားလို့၊ ဒေသခံတွေကိုရော ဘာလို့အသိမပေးလဲဆိုတာ ထမေးမလို့ အချိန်ကို ငဲ့ညှာသောအားဖြင့် မေးမြန်းကဏ္ဍဍကို ရုပ်သိမ်းခြင်း ခံရပါတယ်” ဟုနိုင်ရွှေဝင်းက ဆက်လက်ပြောကြားသည်။ ယင်းတွေ့ဆုံချပြပွဲကို ကျိုက်မရောမြို့နယ် မက္ကရိုရွာကျောင်းဟောင်း ဓမ္မာရုံတွင် ဇွန် ၁၅ ရက် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲထိ ကျင်းပခဲ့ပြီး ကျိုက်မရောမြို့နယ် တာဝန်ခံဝန်ကြီး စောအောင်မြင့်ခိုင် (ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန)၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျွန်ကုမ္ပဏီ တာဝန်ရှိသူများ၊ စက်ရုံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာတင်ပြသည့် Third Party ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ဘိလပ်မြေ ထုတ်ယူရာတွင် ရွှံ့မြေ၊ ဂဝံမြေ ထုတ်ယူမှု၊ သုံးစွဲမည့် စွမ်းအင်ထုတ်ယူမည့် နှုန်းထား အတ္ထရံမြစ်ကြောင်း ပျက်စီးမှု၊ မြစ်ကမ်းပါးမြေပြိုမှု၊ ဒေသခံ ရေလုပ်သားများနှင့် ထိခိုက်မှု၊ ထုံးကျောက်ထုတ်ယူ မိုင်းခွဲမှုကြောင့် ရှေးဟောင်းအမွေနှစ်အဖြစ် ဒေသခံများ ယုံကြည်ထားသည့် မက္ကရိုဂူ မပျက်စီးရန် တာဝန်ခံ၊ တာဝန်ယူမှု ကိုနိုင်ထွန်းကြည်မေးမြန်းပြီး ရေ၊ လေတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွက် တိုင်းထွာတွေ့ရှိချက်တို့ကို မြန်မာစာဖြင့် ရွာများကို အသိပေးရန် ကိုနိုင်ထိန်ဝင်းတို့က မေးမြန်းခဲ့သည်။

ထုံးကျောက်ပျားတောင်၏ တစ်ဖက်ခြမ်းကို MCL ကုမ္ပဏီက ၂၅ နှစ်ဘိလပ်မြေ ထုတ်ယူခွင့်ရထားပြီး ယခုတစ်ဖက်ခြမ်းကို ဂျွန်ကုမ္ပဏီက ကျောက်မီးသွေးစွမ်းအင်နှင့် ထပ်မံထုတ်ယူမည်ဖြစ်ရာ တစ်နေရာတည်း ကျောက်မီးသွေးသုံး စက်ရုံနှစ်ခုကြောင့် မိမိတို့ဒေသပတ်ဝန်းကျင် မကြာမီ ထိခိုက်ပျက်စီးနိုင်၍ ပြောင်းပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

No comments:

Post a Comment