Monday, June 17, 2019

မလေးရှားရောက် မြန်မာလုပ်သား နှိပ်စက်ခံရသည့်ရုပ်သံဗီဒီယို ထွက်ပေါ်

Image may contain: one or more people, people standing and textမလေးရှားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို အခြားသော မြန်မာနိုင်ငံသားများက ညင်းပန်းနှိပ်စက်နေသည့် ရုပ်သံဗီဒီယိုမှတ်တမ်းတစ်ခု ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ အဆိုပါမှတ်တမ်းအတွင်းမှ လူငယ်အား ကယ်ထုတ်နိုင်ရန် မြန်မာသံရုံးက သွားရောက်စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ကွာလာလမ်ပူအခြေစိုက်သံရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက မြန်မာတိုင်းမ်ကို ဇွန် ၁၇ရက်တွင် ပြောသည်။


''ကျွန်တော်တို့ လိုက်နေပါတယ် (စုံးစမ်းနေတယ်)။ ဗီဒီယိုမှတ်တမ်းတွေအရလည်း ဆိုးဆိုးရွားရွားဖြစ်နေတာ တွေ့ရတယ်'' ဟု ၄င်းက ပြောသည်။

ယင်းဖြစ်စဉ်မှာ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ကမ်မရွန်ဟိုက်လန်းခရိုင်ရှိ စိုက်ပျိုးရေးဇုန်တစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သံရုံးနှင့် မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အသက် ၁၉နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားလူငယ်မှာ အဆိုပါစိုက်ပျိုးရေးခြံတွင် ပွဲစား၏ဆက်သွယ်မှုဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟုလည်း တာဝန်ရှိသူက မြန်မာသံရုံးထံ ပြောသည်။

ပွဲစားဝန်ဆောင်ခအတွက် ခြောက်လခန့်အလုပ်လုပ်ပြီးနောက် အခြားသော အလုပ်တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့နောက် ပွဲစားက အဆိုပါဒေသအခြေစိုက် မြန်မာနိုင်ငံသားကြေးစားလူမိုက်အဖွဲ့အား အခပေးငှားရမ်းပြီး ဖမ်းဆီးခံလူငယ်အား ညင်းပန်းနှိပ်စက်စေခြင်းဖြစ်သည်ဟု သံအရာရှိ ဦးအောင်ဇော်မင်းက ပြောသည်။

''ကျွန်တော်တို့ အဲဒီဒေသကို သွားဖို့တော့စီစဉ်နေတယ်။ ဒါပေမယ့် အဲဒီကလေးရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိသွားပြီလဲဆိုတာလည်း သိဖို့လိုနေတယ်'' ဟု ဦးအောင်ဇော်မင်းက ပြောသည်။

ညှင်းပန်းနှိပ်စက်ခံနေရသည့် အလုပ်သမားကို ကယ်ထုတ်ရေးနှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းသည့် အချိန်ထိ မြန်မာသံရုံးက မလေးရှားရဲတပ်ဖွဲ့ထံ ဆက်သွယ်အကူအညီ တောင်းခံထားခြင်း မရှိသေးပေ။

ကြိုးဖြင့်တုပ်နှောင်ခံထားရသည့်လူငယ်၏ မျက်နှာနှင့် ဆံပင်တို့ကို လူတစ်ဦးက ငှက်ပျောသီးခိုင်များ ဖြတ်ရာတွင် အသုံးပြုသော ဓားကောက်လေးဖြင့် လှီးဖြတ်နေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းအရ တွေ့ရသည်။

ထို့ပြင် အနားရှိ လူတစ်ဦးကလည်း ကြိုးတုပ်ခံထားရသည့် လူငယ်၏ မျက်နှာကို ပလာယာဖြင့် ရိုက်နှက်နေသည်ကို အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

ညှင်းပန်းနှိပ်စက်ခံနေရသည့် လူငယ်ကလည်း '' မလုပ်ပါနဲ့ ကိုကြီး၊ မလုပ်ပါနဲ့ ကိုကြီး'' ဟု မြန်မာဘာသာစကားနှင့် တောင်းပန်နေသည်ကို တွေ့ ရသည်။

''မနေ့က အဲဒီဒေသကို သွားရှာသေးတယ်။ စိုက်ပျိုးရေးဒေသဆိုတော့ သစ်တော၊ ခြုံတွေတူထပ်တဲ့ဒေသဆိုတော့ စုံစမ်းလို့ မရခဲ့ဘူး။ တောတိုးပြီး ရှာဖို့ကလည်း အဆင်မပြေဘူး'' ဟု ကွာလာလမ်ပူအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ ဦးဆန်းဝင်းက ပြောသည်။

အဆိုပါကိစ္စကို စုံးစမ်းဖော်ထုတ်ပေးရန်နှင့် တရားဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် မြန်မာသံရုံးသို့ တင်ပြ အကူညီတောင်းခံထားသည်ဟု ဦးဆန်းဝင်းက ပြောသည်။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ၏ လစာစားရင်းများအရ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၄ဝဝဝ ဝန်းကျင်ခန့်မှာ တရားဝင်လမ်းကြောင်းဖြင့် လစဉ်ထွက်ခွာလျက်ရှိသည်။

ပြီးခဲ့သည့် မေလတွင် မလေးရှားနိုင်ငံသို့ တရားဝင်ထွက်ခွာသူပေါင်း ၈ဝဝဝ ကျော်ခန့်ထိ ရှိလာသည်ကိုလည်း အဆိုပါဝန်ကြီးဌာန၏ စားရင်းများတွင် တွေ့ရသည်။

အလားတူ ရာနှင့်ချီသည့် မြန်မာအလုပ်သမားများသည်လည်း လူမှောင်ခိုပွဲစားများ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ လစဉ်သွားရောက်နေမှုများ ရှိနေသည်။

အစောပိုင်း သီတင်းပတ်များအတွင်း မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်သည့် မြန်မာနိုင်ငံသား ၈ဝ ကျော်ခန့်မှာ ထိုင်းနိုင်ငံအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ထိုင်းအခြေစိုက် မြန်မာသံရုံးနှင့် သတင်းများတွင် တွေ့ရသည်။

No comments:

Post a Comment