Monday, June 17, 2019

၂၀၁၉ ခုနှစ် ငါးလအတွင်း ရန်ကုန်မြို့၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ တွင် သေဆုံးသူ ရှစ်ဦးရှိပြီး ဒေသအချို့၌ ဖြစ်ပွားနှုန်းများနေ

၂၀၁၉ ခုနှစ် ပထမငါးလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ တွင်  သေဆုံးသူရှစ်ဦးရှိပြီး ရန်ကုန်မြို့အပါအဝင် ဒေသအချို့၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များပြားနေခြင်းကြောင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ စနစ်တကျလုပ်ဆောင်ရန် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

“ဒီနှစ် ပထမငါးလအတွင်းမှာ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ ဦးရှိပြီး သေဆုံးသူရှစ်ဦးအထိ ရှိပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေအပြင် လူကြီးပိုင်းတွေလည်း ပါပါတယ်။ နှစ်စဉ် ရန်ကုန်၊ မန္တလေး၊ တနင်္သ࿿ာရီတိုင်းတွေက ဖြစ်ပွားနှုန်းများတဲ့အတွက် ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်ဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်”  ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းကျန်း မာရေးဦးစီးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကျောင်းနေအရွယ်ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ယခုအချိန်သည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနှုန်းများပြားသည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် အချို့ပြည် နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ဖြစ်ပွားမှု များပြားလျက်ရှိသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အခြေခံပညာကျောင်းများတွင် စနစ်တကျလုပ်ဆောင်ရန် ညွှန်ကြား ထားကြောင်း သိရသည်။ ညွှန်ကြားချက်များအနက် ကျောင်းများတွင်ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင်သော အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများဖြင့် အပတ်စဉ်ဆောင်ရွက်ရန်၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သော ရေသိုလှောင်သည့် အိုးခွက်များ၊ ရေတင်ကျန်နိုင်သော စွန့်ပစ်ထားသည့် ပုလင်းခွံ၊ ဘူးခွံ၊ အုန်းမှုတ်ခွက်စသည်များ၊ ရေတင် ကျန်နိုင်သော သစ်ငုတ်၊ ဝါးငုတ် စသည်များ မရှိစေရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေးကိုပါ ထည့်သွင်းဆောင်ရွက်ရန်၊ ကျောင်းများတွင် အပတ်စဉ် Dry Day ပြုလုပ်ရန်၊ ကျောင်းဖွင့်သည့် အချိန်မှစ၍ ကျောင်းများတွင်ဆေးမှုတ်ခြင်း၊ ကျောင်းများတွင် FeverSurveillance နှင့် Reporting System များ ထူထောင်ရန် စသည့်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာမြင့် တက်လာပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားသူ ၂၃၀ဝ၀၊ သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေး စီမံချက်မှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် သိသာစွာ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၁၂၈၈ ဦးတွင် သေဆုံးသူ ၁၉၂ ဦးရှိခဲ့ကြောင်းနှင့်၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀ဝ၀ ကျော်နှင့် သေဆုံးသူရှစ် ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ 

No comments:

Post a Comment