Monday, June 17, 2019

ဂျပန်နိုင်ငံရှိ စူပါမားကက်ကြီးများနှင့် လက်လီအရောင်းဆိုင်များတွင် ပလတ်စတစ်အိတ်များကို အခမဲ့ပေးတော့မည်မဟုတ်

ဂျပန်နိုင်ငံရှိ စူပါမားကက်ကြီးများနှင့် လက်လီအရောင်းဆိုင်များတွင် ပလတ်စတစ်အိတ်များကို အခမဲ့မပေးတော့ပဲ ငွေကြေးကောက်ခံသည့် အစီအစဉ်ကို ၂၀၂၀တွင်ကျင်းပမည့် တိုကျိုအိုလံပစ်မတိုင်မီ စတင်ရန် ဂျပန်အစိုးရက စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ ယင်းအစီအစဉ်သည် တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုများလွန်ကဲနေမှုကို လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။



လာမည့် ၂၀၂၀ခုနှစ် ဧပြီ(၁)ရက်နေ့ထက်စော၍ ယင်းအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဟီရိုရှီဂေဆေကိုက ယမန်နေ့က ကြေညာသည်။ ထိုအစီအစဉ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဌာနများက ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်းကိုလည်း သူကပြောသည်။

ပလတ်စတစ်အသုံးလျှော့ချခြင်းနှင့် ပလတ်စတစ်အိပ်များကို တစ်ခါသုံးမဟုတ်ဘဲ ထပ်မံအသုံးပြုလာစေရန် စီစဉ်ခြင်းက ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်အမှိုက်များရှိနေခြင်းကို လျှော့ချနိုင်စေရန်ရည်ရွယ်သည်။ ယခုလအတွင်းက အိုဆာကာမြို့တွင်ကျင်းပသော G20 နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် ထိုအချက်ကို အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်အမှိုက်များရှိနေခြင်းကို လျှော့ချရာတွင် ဦးဆောင်သည့် နိုင်ငံဖြစ်စေရန်ကို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက လိုလားသည်။

No comments:

Post a Comment