Monday, June 17, 2019

တုပ်ကွေးဗိုင်းရပ်စ်ဆိုတာ ဘာလဲ

Influenza ဆိုသော တုပ်ကွေးဖြစ်စေသော အဏုဇီဝ ပိုးသည် ဗိုင်းရပ်စ်ပိုး အမျိုးအစားထဲတွင် ပါသည်။ အဏုဇီဝ ပိုးဆိုသည့်အတိုင်း အလွန့် အလွန်သေးငယ်သည့်အတွက် သာမန်အဏုကြည့်မှန်ဘီလူးနှင့်ပင် မမြင်ရနိုင်ဘဲ အဆပေါင်း ထောင်ချီချဲ့ကြည့်နိုင်သည့် မှန်ဘီလူးနှင့်ကြည့်မှ မြင်နိုင်သည်။ အဆိုပါ တုပ်ကွေးပိုးအမျိုးအစားကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်းများစွာ တုပ်ကွေးဖျားဖြစ်ကြသလို တချို့မှာလည်း ပြင်းထန်သော အဆုတ်ရောင်ရောဂါ ဖြစ်ပွားခံစားရလျက် ရှိသည်။ အထူးသဖြင့် ရာသီအ ကူး အပြောင်းတွင် ဗိုင်းရပ်စ်ပိုးများ ပွားများလွယ်ကာ တစ်ဦးမှ တစ်ဦးသို့ အသက်ရှူလမ်း ကြောင်းမှတစ်ဆင့် ကူးစက်ဝင်ရောက်လေ့ရှိသည်။



စိုးရိမ်ရသလား

လူအများစုသိလိုကြသည်မှာ စိုးရိမ်ရသလားဟူ၍ဖြစ် သည်။ လွန်ခဲ့သော နှစ်များက ဆေးရုံများတွင် ကုသမှုခံနေကြသည့်H1N1 ဝေဒနာသည်များနှင့် သေဆုံးခဲ့ကြ ရသူများမှာ ရောဂါပြင်းထန် သည့်အဆင့်သို့ ရောက်ရှိခဲ့ကြသူတွေသာဖြစ်သည်။ အများစုသောH1N1 ကူးစက်ခံရသူများမှာ သာမန်တုပ်ကွေးခံစားရသကဲ့သို့ ဖြစ်ပေါ်ခံစားရကာ သက်သာသွားလေ့ရှိသည်။

ထို့ကြောင့် တကယ့်ပကတိ အနေအထားတွင် ရောဂါပြင်းထန်မှုရှိနိုင်သော် လည်း အလွန်အမင်း ပြင်းထန်လွန်းခြင်းမရှိကြောင်း တွေ့ရ သည်။

လက်ရှိအနေအထားအထိ ရောဂါပြင်းထန်နေသူ လူနာ များနှင့် ထိတွေ့မှုရှိသူများထဲတွင် အလားတူ ပြင်းထန်ဆိုး ရွားစွာ ဖြစ်ပေါ်ခံစားရမှုများ မတွေ့ရသေးပေ။ ထို့ကြောင့် ကူးစက်နိုင်သည်၊ ရောဂါပြင်းထန်နိုင်သည်မှန်သော်လည်း အစိုးရိမ် မလွန်သင့်သည့် အခြေအနေမျိုးဖြစ်သည်။

ရောဂါကူးစက်ပျံနှံ့ပုံ

တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် လေလမ်းကြောင်းမှတစ်ဆင့် ကူးစက် ဝင်ရောက်သည်။ ရောဂါဖြစ်နေသူထံမှ နှာချေ၊ ချောင်း ဆိုးလျှင် ရောဂါပိုးသန်းပေါင်းများစွာ လေထဲရောက်သွားသည်။ ထိုလေကိုရှူမိလျှင် ရောဂါရနိုင်သည်။ ရောဂါပိုးရှိသူက နှာရည် ယိုသည်ကို လက်ဖြင့်သုတ် မိသည်။ လက်ထဲတွင် ရောဂါပိုးတွေ အများကြီးရှိနိုင်သည်။ ထိုလက်နှင့် ထိတွေ့မိသမျှနေရာတွေပေါ် ရောဂါပိုးတွေ ရောက်ကုန်သည်။ တံခါးလက်ကိုင်၊ ဘတ်စ်ကား လက်ကိုင်စသည့် နေရာတွေက အဓိကဖြစ် သည်။ ထိုသို့သော နည်းဖြင့် ရောဂါပိုးတွေကို လက်ဖြင့်ကိုင်မိပြီး ထိုလက်ဖြင့် နှာခေါင်း၊ မျက်နှာတို့ကို ကိုင်တွယ်ပါက ရောဂါပိုးတွေ အသက် ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ကူးစက်နိုင်သည်။ ရောဂါ ပိုးဝင်ဝင်ချင်း ရောဂါဖြစ်သည်တော့မဟုတ်၊ ရောဂါပျိုးချိန် ကျော်လွန်ပြီးချိန်တွင် တုပ်ကွေးလက္ခဏာတွေ ဖြစ်ပေါ်ခံစားရ နိုင်သည်။

ရောဂါသတ်မှတ်ပုံ

ရာသီတုပ်ကွေးအပါအဝင် တုပ်ကွေးပိုးအမျိုးအစား အတိ အကျကို သိရှိနိုင်ရန်အတွက် နှာခေါင်းတွင်းမှအချွဲရည်ကို ရယူ စစ်ဆေးရန်လိုသည်။ ထိုသို့ ရယူထားသောအချွဲရည်ကို မော်လီကျူးနည်းပညာများဖြင့် ဗီဇမျှင်စစ်ဆေးကာ ပိုးအမျိုး အစားကိုသိရှိနိုင်သည်။ အခြားသော ဒေသတွင်းဖြစ်ပွားသည့် ပိုးများနှင့် ဆင်တူမှု ရှိ မရှိ၊ ပိုးအသစ် အဖြစ်ပေါ်ပေါက်လာခြင်း ရှိ မရှိကို ဗီဇအမျှင်တစ်ပိုင်းလုံးကို စစ်ဆေးကြည့်ရလေ့ရှိ သည်။

ရောဂါကုသနည်း

တုပ်ကွေးရောဂါမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်ရောဂါ ဖြစ် သည့်အတွက် ဗိုင်းရပ်စ်ကုဆေးများဖြင့် ကုသနိုင်သော်လည်း ရောဂါပိုးကူးစက်ခံရပြီး ၄၈ နာရီအတွင်းကုသမှသာ ထိရောက် မှုရှိနိုင်သည်။ လူနာအများစုမှာ ၄၈ နာရီထက်ကျော်မှ ဆေးရုံ၊ ဆေးခန်း ပြတတ်သည့်အတွက် အများစုအတွက် ဗိုင်းရပ်စ် ကုဆေးဖြင့်ကုဖို့ မလိုတတ်ပါ။ ဗက်တီးရီးယားပိုး မဟုတ် သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများသည်လည်း ထိရောက် မှုမရှိပါ။ ကိုယ်ခန္ဓာမှ ဗိုင်းရပ်စ်ပိုးကိုဟန့်တားနိုင်သည့် ပဋိ ပစ္စည်းများ antibodies ပေါ်ထွက် လာသည့်အခါ သက်သာသွားမည် ဖြစ်ပါ သည်။
ရောဂါလက္ခဏာများ ပြင်းထန်လာသည့်အခါ သက်သာ သွားစေရန် အဓိကထားပြီး ကုသမှုပေး ရလေ့ရှိပါသည်။

ကာကွယ်ဆေးရှိပြီလား

တုပ်ကွေးရောဂါပိုးမှာ အထက်တွင်ဖော်ပြထားသကဲ့သို့ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သည့်အတွက် နှစ်စဉ်လိုလို ပိုးမျိုးအသစ်ဖြင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးကို ထုတ် လုပ်ကြရလေ့ရှိပါသည်။ ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲမှု များပါက ယခင်နှစ်ကဖြစ်သော ပိုးကို အခြေခံပြီး ထုတ်လုပ် ထားသည့် ကာကွယ်ဆေးသည် ထိရောက်မှု အားနည်းတတ် ပါသည်။ ယခင်နှစ်ကဖြစ်သောပိုးနှင့် ယခုနှစ်ဖြစ်သောပိုးမှာ ဆင်တူပါက ကာကွယ်ဆေးအာနိသင် ထိရောက်မှုများပါသည်။

ထို့ကြောင့် ရောဂါကူးစက်ခံရရန် ဖြစ်နိုင်ခြေများသူများ အနေဖြင့်သာ ကာကွယ်ဆေး ထိုးထားရန် သင့်လျော်ပါသည်။
သာမန်အားဖြင့် လူအားလုံးကိုထိုးရန် မလိုအပ်ပါ။

သတိထားကာ ကာကွယ်ပါ

မစိုးရိမ်သင့်ဟုဆိုလိုတိုင်း ရောဂါကို လုံးဝလျစ်လျူရှုရမည် ဟု မဆိုလိုပါ။H1N1 တုပ်ကွေးပိုးသာမက အခြားသော အအေးမိ တုပ်ကွေးရောဂါများအားလုံးသည် ကူးစက်ပျံ့နှံ့ပုံ တူညီပြီး အခန့်မသင့်ပါက အသက်အ္တရာယ်ကိုပါ ခြိမ်း ခြောက်လာတတ်ပါသည်။ ထို့ကြောင့် ရောဂါကူးစက်မှု မခံရ စေရန်အတွက် လူထူထပ်သောနေရာများကို အတတ်နိုင်ဆုံး မသွားလာဘဲနေခြင်း၊ မလွဲသာ၍သွားလာရပါက နှာခေါင်း စည်းသုံးခြင်း၊ နှာချေ /ချောင်းဆိုးပါက ရောဂါရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ လက်ကိုင်ပုဝါ သို့မဟုတ် စက္ကူ တစ်သျူးဖြင့် အုပ်ဆိုးခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ လက်ဖြင့် နှာခေါင်းနှင့် မျက်နှာတစ်ဝိုက်ကို ကိုင်တွယ်မှု မပြုဘဲနေခြင်း၊ တုပ်ကွေး လက္ခဏာ များဖြစ်သည့် ကိုယ်ပူဖျားခြင်း၊ လည် ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း စသည်တို့ ဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းတွင် ကုသမှုခံယူခြင်း၊

တုပ်ကွေး လက္ခဏာများ ဖြစ်ပေါ်ခံစားနေရချိန်တွင် အိမ်တွင်အနားယူ ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှု နည်းအောင်နေခြင်းများ သတိပြုလုပ်ဆောင်သင့် သည်။

နှာခေါင်းစည်းတပ်သင့်သလား

လူအများကြားတွင် သွားလာနေခြင်းမရှိပါက၊ လူစုလူဝေး နေရာများသို့ မသွားပါက နှာခေါင်းစည်းမလိုပါ။
သာမန် လေးထောင့် ပုံနှာခေါင်းစည်းမှာ ထိရောက်မှုအားနည်းသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ရောဂါ ကူးစက်ပျံ့နှံ့မှုနည်းနိုင်ပါသည်။

ထို့ကြောင့် မလွဲသာမရှောင်သာ လူအများကြားတွင် သွားလာရပါက စိတ်ချစေလိုလျှင် နှာခေါင်းစည်းတပ်နိုင်ပါ သည်။ ရောဂါဖြစ်နေသူတို့နှင့် ထိတွေ့နေရသော ဆရာဝန်၊ ဆရာမများနှင့် လူနာမိသားစု၊ လူနာစောင့်များအနေဖြင့် သာမန်နှာခေါင်းစည်းမျိုးထက်N95 ကဲ့သို့သော အမှုန် အမွှားငယ်များကိုပါ ဖယ်ရှားစစ်ထုတ်နိုင်သည့် နှာခေါင်းစည်း မျိုး လိုမည်ဖြစ်သည်။

အချုပ်အားဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တုပ်ကွေးရောဂါ H1N1 pdm09 သည် အခြားသောနိုင်ငံ များစွာတွင်လည်း ဖြစ်ပွားလျက်ရှိပြီး ပုံမှန်ရာသီတုပ်ကွေး အသွင်ဖြင့် ဖြစ်ပွားတတ်သည့်အတွက် အလွန်အမင်း မကြောက်သင့်သော်လည်း ဂရုပြုကာကွယ်ကြရန် အထူး လိုအပ်ပါသည်။

ဗိုင်းရပ်စ်၏ သဘောသဘာဝအရ အချိန်မရွေး ပိုမိုပြင်းထန်သော အမျိုးအစား အဖြစ် ပြောင်းသွားတတ် သည့်အတွက်လည်း သတိထားစောင့် ကြည့်လေ့လာရန် လိုပါ သည်။ ရောဂါဖြစ်ပွားလာပါကလည်း ထိရောက်စွာ ကုသမှုခံယူရန် လိုပါသည်။

တစ်ချိန်တည်းမှာပင် လိုသည်ထက်ပိုကာ အစိုးရိမ်လွန် ကဲပြီး နေကောင်းနေပါလျက် လုပ်ငန်းခွင်မသွားခြင်း၊ ကလေး များကို ကျောင်းမလွှတ်ခြင်း၊ ပုံမှန်လုပ်ငန်းများ မလုပ်ဘဲနေ ခြင်းမျိုးများ မပြုလုပ်သင့်ပါ။ တုပ်ကွေးရောဂါ သည် ရာသီဥတု အကူးအပြောင်းတွင် အမြဲလိုလိုဖြစ်တတ်ပြီး မျိုးကွဲများလည်း အမြဲပြောင်းတတ်နေသည့်အတွက် ကြောက်လန့်မနေဘဲ ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများကိုသာ သတိပြုဆောင် ရွက်ကြရန် တိုက်တွန်းနှိုးဆော် လိုပါသည်။ ။

No comments:

Post a Comment