Monday, June 17, 2019

ဧရာဝတီတိုင်း အတွင်းရှိ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၂၉၂ ဘီလျံ ထုတ်ချေးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ၃၆ ဘီလျံနီးပါး ထုတ်ချေးပြီးဖြစ်

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တောင်သူများအား ၂၀၁၉ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအဖြစ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၉၂ ဘီလျံ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ၃၆ ဘီလျံ နီးပါးကို ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၆ ရက်မှ စတင်ကာ ထုတ်ချေးပေးနေပြီဖြစ်ပြီး တောင်သူများ၏ ယခင်ကြွေးဟောင်း ပြန်လည်အကြေပေးသွင်းမှုအလိုက် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ထုတ်ချေး ပေးလျက်ရှိကြောင်း၊ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအား ယမန်နှစ်နည်းတူ ၂၉၂ ဘီလျံကို ထုတ်ချေးပေးရန် လျာထားလျက်ရှိပြီး ဇွန်လဆန်းပိုင်းအထိ ၃၆ ဘီလျံနီးပါး ထုတ်ချေးပေးထားပြီး ဖြစ်ကြောင်း သိရသည်။



“ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဘဏ်ခွဲမှာ လျာထားချက်ကတော့ မနှစ်က လျာထားတဲ့အတိုင်း ၂၉၂ ဘီလျံပေါ့နော်။ ဒီနှစ်လည်း အဲဒီငွေကိုပဲ ရုံးချုပ်က ခွင့်ပြုဖို့ လျာထားတယ်။ အခုလက်ရှိ ရထားတဲ့ ရန်ပုံငွေထဲကနေပြီးတော့ ကျွန်တော်တို့ မြို့နယ် အလိုက် စတင်ပြီးတော့ ချေးနေပါပြီ။ မေ ၆ ရက်က စတင်ပြီးတော့ ၂၀၁၉ ခုနှစ် မိုးရာသီ ဘဏ်ချေးငွေကို စတင်ထုတ်ချေးပါတယ်။ ဒီနေ့အထိ ကျေးရွာအုပ်စုပေါင်း ၄၂၈ စု၊ ဘဏ်အဖွဲ့ဝင် ၃၄၇၇၄ ယောက်ပေါ့။ အဲဒါကို ကျွန်တော်တို့  ၃၅ ဒသမ ၉၇၃ဘီလျံပေါ့။ ၃၆ ဘီလျံလောက် ထုတ်ချေးပြီးပါပြီ။ ဆက်လက်ပြီးတော့ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ အဓိကကတော့ ထုတ်ချေးမှုက နည်းနည်း နောက်ကျတယ်။ ဘာလို့လဲဆိုတော့ မနှစ်က ကျွန်တော်တို့ ကြွေးကျန် ၂၀၁၈ ခုနှစ် မိုး ဆောင်းပေါ့နော်။ အဲဒီမှာ ချေးထားတဲ့ လူတွေက အပြည့်အဝ မဆပ်ကြသေးဘူး။ မိုးချေးငွေဆို ၆၆ ရာခိုင်နှုန်းပဲ ဆပ်သေးတယ်။ ဆောင်းချေးငွေဆိုရင် ၃၃ ရာခိုင်နှုန်းပဲ ဆပ်သေးတယ်။ အဲဒီတော့ လူ ၁၀ဝ မှာ ၆၆ ယောက်က ကြွေးဆပ်ပြီးတော့ ၃၄ ယောက်က မဆပ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒီတော့ မဆပ်သေးတဲ့ သူတွေကို စောင့်ရင်း စောင့်ရင်းနဲ့ ရွာက Propose ပေါ့။ အဲဒါတွေ တက်မလာဘူး။ တက်မလာတဲ့ အခါကျ ကျွန်တော်တို့ဘက်က စိစစ်ရမှာတို့ ထုတ်ချေးရမှာ တို့စာရင်းက မရသေးဘူး ဖြစ်နေတာပေါ့။ အဲဒီတော့ တောင်သူပိုင်းကတော့ စိုက်ဘဏ်ငွေချေးတာ နောက်ကျတယ်တို့ ပြောတယ်။ ပြောသာပြောသော်လည်း တကယ်တမ်းကျ ရွာမှာချေးငွေစာရင်းကို ပြုစုတင်ပြရမှာ။ မြို့နယ်ဘဏ်ခွဲကို အဲဒီပုံစံတွေ ဖြန့်ဝေပြီးပြီ။ ချေးငွေစည်းကမ်းချက်တွေ ရှင်းလင်းပြီးပြီ။ ရွာကသာ ပြုစုတင်ပြပြီးတော့ သွက်သွက်မြန်မြန်လုပ်ခဲ့ရင် ကျွန်တော်တို့ ဘက်ကလည်း ရုံးရောက်တာနဲ့ တန်းပြီးတော့ ရက်ချိန်းပေး ချေးတာပေါ့။ ချေးတဲ့အပိုင်းမှာ အခုက ထိုင်စောင့်နေရသလို ဖြစ်နေတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာဖြစ်သူ ဦးသန်းဌေးအောင်က ပြောကြားသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးချိန်တွင် စိုက်ဧက ပေါင်း ၃၇ သိန်း ၅ သောင်းကျော် စိုက်ပျိုးရန် လျာထား သတ်မှတ်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment