Monday, June 17, 2019

ကျိုင်းတုံတွင် ဖမ်းဆီးရမိသော သက်သေခံပစ္စည်း မူးယစ်ဆေးဝါး ICE နှင့် ကျောက်ချဉ်များကို လဲလှယ်ထားသည့် ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိခဲ့သော်လည်း တစ်ဖက်ကုန်သည်အား ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးဟု ပြောကြား

ကျိုင်းတုံတွင် ဖမ်းဆီးရမိသော သက်သေခံပစ္စည်း မူးယစ်ဆေးဝါး ICE နှင့် ကျောက်ချဉ်များကို လဲလှယ်ထားသည့် ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိခဲ့သော်လည်း တစ်ဖက်ကုန်သည်ကို ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးသဖြင့် သက်သေခံပစ္စည်းမျာ ပျောက်ဆုံးနေဆဲဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။



အဆိုပါ ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသော သက်သေခံ မူးယစ်ဆေးဝါး ဖြစ်သည့် အိုက်စ် (ICE) နှင့် ကျောက်ချဉ်များ လဲလှယ်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိခဲ့ပြီး အချုပ်ထဲတွင် ထည့်ထားသော်လည်း တစ်ဖက်ကုန်သည်တို့ကို ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးသည့်အတွက် သက်သေခံပစ္စည်း ICE များကို ပြန်လည်ရရှိနိုင်ခြင်း မရှိသေးပါကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

“သက်သေခံပစ္စည်းတွေကို လဲလှယ်တာပေါ့။ တရားခံတွေအားလုံးကိုတော့ မိထား ပြီးဖြစ်ပါတယ်။ အခု အားနည်းချက် ဘာရှိလဲ ဆိုတော့ တစ်ဖက်ကုန်သည်ကို ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဒီအပေါ် ဘယ်လောက် အကျိုးအမြတ်ယူတယ် ဆိုတဲ့အပေါ်မှာ အရေးယူဆောင်ရွက်နေတယ်။ အခုဆိုရင် တရားခံတွေကို အချုပ်ထဲမှာ ထည့်ပြီးတော့ ထိန်းသိမ်းထားပါတယ်။ နောက်တစ်ခါ ရဲတရားရုံး ဖွဲ့စည်းပြီးတော့မှ အရေးယူဆောင် ရွက်နိုင်ဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ လဲတယ်ဆိုတဲ့ ကုန်သည်ကို ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးတဲ့ အတွက်ကြောင့် ဒီသက်သေခံ ပစ္စည်းတွေကို ပြန်လည်ရရှိနိုင်ခြင်း မရှိသေးဘူးလို့ ပြန်လည် ဖြေကြားလိုပါတယ်” ဟု ရှမ်းပြည်နယ်ရဲမှူးချုပ် ဇော်ခင်အောင်က ပြောကြားသည်။ ကျိုင်းတုံမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသော ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးအမှု တစ်ခုမှ သက်သေခံ ပစ္စည်းများကို မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရန် ဖွင့်ဖောက်စစ်ဆေးချိန်တွင် အိုက်စ် တစ်ကီလိုဂရမ်ရှိသော အထုပ်ပေါင်း ၁၀၃ ထုပ်တွင် ၆၄ ထုပ်သည် လက်ရာပျက်နေသည်ကို တွေ့ရသဖြင့် အဆိုပါ ဖြစ်ရပ်ပေါ်ပေါက် ခဲ့ခြင်းဖြစ်ပြီး စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီးမြင့်နိုင်သည် ထွက်ပြေးနေခြင်းဖြစ်ပြီး ဇွန် ၂ ရက်တွင် ရဟန်းဝတ်ဖြင့် ရှမ်းတောင် ပင်လောင်းမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စု နောင်လင်ရွာ ဘုန်းကြီးကျောင်းတွင် ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 ရှမ်းပြည်နယ် အစိုးရအဖွဲ့ တတိယနှစ် တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၁၄ ရက်တွင် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်အခြေစိုက် သတင်းဌာနပေါင်း ၁၆ ခုတို့မှ တစ်ဖွဲ့လျှင် မေးခွန်းသုံးခုစီ တက်ရောက်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

No comments:

Post a Comment