Monday, June 17, 2019

မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်း တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ငါ့သရောက်မြို့၊ ရွှေမြင်တင်ကျောင်းတိုက်၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ငါ့သရောက်မြို့၊ တောင်တောကျေးရွာ၌လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများ စုစုပေါင်း ၁၁၄၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၅ ဦး၊ ခွဲစိတ်ရောဂါ ၆၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊
သားဖွား/မီးယပ်ရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၂ဝ၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၂ ဦး၊ မျက်စိရောဂါ ၂၈၄ ဦး၊ သွားရောဂါ ၈၇ ဦးနှင့် အထွေထွေရောဂါ ၁၃၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့ အနက်မှ မျက်စိခွဲစိတ်လူနာ ၁ဝ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာနှစ်ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာသုံးဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့သို့ ဆေးကုသမှု ခံယူကြသည့် ဒေသခံပြည်သူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နေ့လယ်စာထမင်းဘူးများ ပေးဝေခဲ့ကြသည်။

အလားတူ မွန်ပြည်နယ်အတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သည် ယနေ့တွင် သံဖြူဇရပ်မြို့၊ ဝဲကလိကျေးရွာ၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့(၁)သည် ကျိုက္ခမီမြို့၊ ရေလယ်ဘုရားကဇာတ်ရုံ၌ လည်းကောင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့(၂)သည် ကရုပ်ပိကျေးရွာ၊ သားဖွားခန်း၌ လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၁၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃ဝ၆ ဦး၊ ခွဲစိတ်ရောဂါ ၇၂ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၈၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၂၃၇ ဦး၊ သွားရောဂါ ၆၃ ဦးနှင့် အထွေထွေရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူတစ်ဦးကို မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာသုံးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment