Monday, June 17, 2019

ဘီးလင်းမြစ်ရေ အရည်အသွေးပျက်စီးမှု အခြေအနေနှင့် ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုများနှင့် ပတ်သက်သည့်မေးခွန်းကို အချိန်လုံလောက်မှု မရှိဟုဆိုကာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဖြေကြားခြင်းမရှိ

ဇွန် ၁၄ ရက်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၁၀၉) တတိယနေ့၌ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး မေးမြန်းသည့် ဘီးလင်းမြစ်ရေ အရည်အသွေး ပျက်စီးနေမှုအခြေအနေနှင့် ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများနှင့် ပတ်သက်မေးခွန်းအား ပြည့်စုံစွာ ဖြေကြားရန် အချိန်လုံလောက်မှုမရှိသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။



ဘီးလင်းမြစ်ရေမှာ သောက်သုံးရန်အတွက် အသုံးပြုရန် အန္တရာယ်ရှိကြောင်း ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်ပြီးသည့်နောက်ပိုင်း ဘီးလင်းမြို့အပါအဝင် ဘီးလင်းမြစ်တစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် သိရှိလိုသည့် အချက်အလက်ကို နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြလာကြကြောင်း၊ ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်အစိုး ရထံ မေးခွန်းမေးမြန်းခြင်းဖြစ်ကြောင်း မေးခွန်းရှင် ဘီးလင်းမြို့နယ် မဲဆ န္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး ဘီးလင်းမြစ် တိမ်ကောခြင်းနှင့် ရေအရည်အသွေး ပျက်စီးမှုအခြေအနေပေါ်မှာ အစိုးရအဖွဲ့က ပြင်ဆင်ထားမှုအခြေအနေအား သိရှိလိုကြောင်း၊ ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဘီးလင်းမြို့အပါအဝင် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရမှုအား မည်သို့စီစဉ်ထားရှိမှုအခြေအနေ၊ ဘီးလင်းမြစ်ရေလျှံမှုကြောင့် ရေတွင်းရေကန်များအတွင်း မြစ်ရေဝင်ရောက်လေ့ရှိသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်များရှိ ရေတွင်းရေကန်များ၏ ရေအရည်အသွေး ထိခိုက်မှု ရှိ၊ မရှိနှင့် ရေရှားပါးမှုကြောင့် ဘီးလင်းမြို့ သောက်သုံးရေအခက်အခဲများ ဖြစ်နေခြင်းများအပေါ် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေ၊ ဘီးလင်းမြစ်ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး၊ လမ်းတံတားများပျက်စီးမှု၊ ပြတ်တောက်မှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေ၊ မိုးရာသီကာလ သဘာဝဘေးဖြစ်သည့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပါက ရေတို၊ ရေရှည် မည်သို့ကြိုတင် ဆောင်ရွက်ထားရှိသည်ကို သိလိုကြောင်း လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခင်နိုင်ဦး၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “အပြည့်အစုံဖြေကြားဖို့ အချိန်လုံလောက်မှု မရှိသောကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) မှာ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိပါကြောင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ (၁၁.၆.၂၀၁၉) ရက်စွဲပါစာနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဇွန် ၁၃ ရက်နေ့မှာ စာနဲ့ မွန်ပြည်နယ်လွှတ်တော်သို့ ကျွန်တော်တို့ ညှိနှိုင်းပြန်ကြားခဲ့ပြီး ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဘီးလင်းမြစ်ရေအခြေအနေနှင့် ပတ်သက်ပြီး ဖြေကြားရမည့် လုပ်ငန်းစဉ်မှာ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ပေါင်းစပ်လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်နေသောကြောင့် ရေရှည်စီမံကိန်းအနေဖြင့် အသေးစိတ် အစီအမံများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရကို တင်ပြပြီးမှသာ ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများကို သဘောထား တောင်းခံခြင်း၊ အကြံပြုချက်များ ရယူခြင်းနှင့် လိုအပ်သလို ညွန်ကြားမှုများ ပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများ၏ အစီအမံများ၊ ညှိနှိုင်းအကြံပြုချက်များ ရရှိပြီးမှသာလျှင် လာမည့်ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ ဖြေကြားပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဘီးလင်းမြစ်ရေက ပျက်စီးနေတာဆိုတာကို အကုန်လုံးက သိပြီးသားပဲ။ ပြည်ထောင်စုအစိုးရလည်း သိတယ်။ ပြည်နယ်အစိုးရလည်း သိတယ်။ အခုမေးလိုက်တာက အစီအစဉ်ရှိပြီးသား ယုံကြည်လို့ မေးလိုက်တာပါ” ဟု ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာသမားများအား ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တိကျသည့် အချက်အလက်များနှင့် ရေရှည်အစီအမံများကို ရယူပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေသည့် ဘီးလင်းမြစ်ရေအကြောင်းကို သိရှိနိုင်စေရေးအတွက် လုပ်ငန်းအစီအမံများ ချပြပေးရန်နှင့် မီဒီယာများကိုခေါ်ယူပြီး ရှင်းလင်းပေးရန်လိုအပ်ကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်လက်ပြောကြားခဲ့သည်။

မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ လေအရည်အသွေး၊ ရေအရည်အသွေးများကို ပုံမှန်တိုင်းတာစစ်ဆေးခဲ့ရာ (၂၅.၄. ၂၀၁၉) တွင် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေ အရည်အသွေးကို တိုင်းတာစစ်ဆေးခဲ့ရာ ဘီးလင်းမြစ်ရေတွင် PH Level မှာ အချဉ်ဓာတ်များနေသဖြင့် သောက်သုံးမိပါက ဝမ်းရောဂါများဖြစ်ပွားနိုင်ကြောင်း၊ Arsenic အာစင်းနစ်ဓာတ်မှာလည်း သတ်မှတ်ချက်ထက် ကျော်လွန်နေသဖြင့် မြစ်ရေအား ရေရှည်သုံးစွဲပါက အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း၊ ထို့ပြင် နောက်ကျိခြင်း Turbidity များသည့်အတွက် သောက်သုံးရေအတွက်အသုံးပြုရန် အန္တရာယ်ရှိကြောင်းကို ရေအရည်အသွေးတိုင်းတာ စစ်ဆေးမှုနှင့် ပတ်သက်၍ (၈.၅.၂၀၁၉) ရက်စွဲပါ စာဖြင့် သုံးသပ်တင်ပြလာခြင်းအပေါ် အများပြည်သူသိရှိနိုင်စေရန် မွန်ပြည်နယ်အစိုးရအဖွဲ့က အသိပေးကြေညာထားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment