Monday, June 17, 2019

ရှမ်းပြည်နယ်အစိုးရဟောင်း ချေးငှားခဲ့သည့် ကျပ်သန်း ၇၀၀၀ ကျော်ကို ပြန်တောင်း

အရင် ရှမ်းပြည်နယ်အစိုးရက ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ချေးငှားထားပေးခဲ့တဲ့ ကုမ္ပဏီ ၃ ခုဟာ လက်ရှိအချိန်ထိ အရင်းကော အတိုးပါ စုစုပေါင်း ကျပ်သန်း ၇၀၀၀ ကျော်ကို အပြည့်အ၀ ပြန်မဆပ်သေးတာကြောင့် လက်ရှိရှမ်းပြည်နယ် အစိုးရက တောင်းယူနေရပါတယ်။ အရင် ရှမ်းပြည်နယ်အစိုးရက လက်ရှိ ရှမ်းပြည်နယ်အစိုးရသစ်ကို လွှဲပြောင်းချိန်မှာ ဘဏ်အကောင့်တွေထဲမှာ ကျပ်သိန်း ၉၀၀၀ ကျော်သာ ထားခဲ့ပါတယ်။ ကျန်တဲ့ ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဒသမ ၆ ဘီလီယံကို ကုမ္ပဏီ ၃ ခုအား ချေးငှားထားခဲ့ပါတယ်။



အဲဒီကုမ္ပဏီ ၃ ခုဟာ လက်အချိန်ထိ အရင်ကော အတိုးပါ အပြည့်အ၀ ပြန်မဆပ်သေးတာ ကြောင့် လက်ရှိ ရှမ်းပြည်နယ်အစိုးရက ရရှိရမယ့် ကျပ်သန်း ၇၀၀၀ ကျော်ကို ပြန်တောင်းယူနေရတာပါ။

အရင် ရှမ်းပြည်နယ်အစိုးရ သက်တမ်း ၅ နှစ်ရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် စာရင်းစစ် အစီရင်ခံစာရဲ့ တွေ့ရှိချက်ကို အခြေခံပြီး ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့လို့ ဒီကုမ္ပဏီ ၃ ခု ကိစ္စကို လူထုသိလာရတာဖြစ်ပါတယ်။

ဖြူစင် ကုမ္ပဏီနဲ့ စိုးလွင်အောင် ကုမ္ပဏီက အရင်းကော အတိုးပါ ပေးသွင်းထားတာတွေ ရှိပါတယ်။ မင်းကျန်စစ် ကုမ္ပဏီက အရင်းရော အတိုးပါ ပေးသွင်းထားတာမရှိတာကြောင့် ၅ ဒသမ ၆ ဘီလီယံ ပေးဆပ်ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရှမ်းပြည်အစိုးရက ခေါ်ယူညှိနှိုင်းရာမှာတော့ မင်းကျန်စစ်ကုမ္ပဏီက ငွေသား အဖြစ် ၂ ဒသမ ၄ ဘီလီယံကို ပြန်ဆပ်မှာဖြစ်ပါတယ်။

ကျန်တဲ့ ငွေကတော့ မဆပ်နိုင်တော့တာကြောင့် ငွေတွေအစား ကုမ္ပဏီက ဆောက်လုပ် ပြီးသား တိုက်ခန်းတွေကို အရစ်ကျပြန်ရောင်းပေးဖို့၊ ရှမ်းပြည်နယ်အစိုးရကို ၀ယ်ယူပေးဖို့ စာတင်ထားပါတယ်။

No comments:

Post a Comment