Monday, June 17, 2019

သမ္မတနှင့် ဇနီးက ခင်ဦးမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသော ကျေးရွာတွင် ရေတွင်း၊ ရေကန်လှူဒါန်း

 ခင်ဦးမြို့နယ်၌ သောက်သုံးရေရှားပါးသော ရွှေလူးအိုင်ကျေးရွာတွင် သမ္မတဦးဝင်းမြင့်နှင့် ဇနီးက ရေတွင်းနှင့် ရေကန်လှူဒါန်းကြောင်း ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်က ပြောသည်။ ခင်ဦးမြို့နှင့် ၂၃ မိုင်ခန့်အ ကွာ ရွှေလူးအိုင်ကျေးရွာရှိ သာသနာ့နယူပဒေသ ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း ရေတွင်းနှင့် ရေကန်ကို သမ္မတဦးဝင်းမြင့်၏ ဇနီးက ဇွန်လ ၁၅ ရက် နံနက်က ရေစက်ချလှူဒါန်းခဲ့သည်။

‘‘အရင်တုန်းက ဝက်လူးအိုင် ခေါ်တာ အခုအမည်ပြောင်းထား တာ ရွှေလူးအိုင်လို့ ခေါ်တာပေါ့။ ရေရှားပြီး ကုန်းမြင့်တဲ့အရပ်ဖြစ် တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ဇနီးက ရေတွင်းနဲ့ ရေကန်လှူတာ ပါ။ ရေတွင်းက လေးလက်မ အဝီစိတွင်း ပေ ၃၆၀ နက်တယ်။ ရေတွင်းက ရေကိုစုပ်ဖို့  ၂၂ ကောင် အင်ဂျင်လည်း လှူတယ်။ ဒီနေ့ (ဇွန်လ ၁၅ ရက်)ရေတွင်း  ရေစက်နဲ့ ရေကန်လှူဒါန်းပွဲမှာ နိုင်ငံတော်သမ္မတရဲ့ဇနီး တက်ရောက်ခဲ့တာ ပါ’’ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ခင်ဦးမြို့နယ် ရွှေလူးအိုင် ကျေးရွာတွင် အိမ်ခြေ ၉၀ ခန့်၊ လူ ၄၂၀ ခန့် နေထိုင်ပြီး ရာသီဥတု ပူပြင်းမှုကြောင့် ရေတွင်းများ ရေခန်းခြောက်၍ သောက်သုံးရေ အ ခက်အခဲကြုံတွေ့ခဲ့ကြောင်း ရွှေ လူးအိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကပြောသည်။

 ‘‘နိုင်ငံတော်သမ္မတကြီးနဲ့ ဇနီးက ရေဂါလန် ၂,၀၀၀ ဆံ့ ရေကန်နဲ့ ရေတွင်းလှူတာပါ။ အရင်တုန်းက လက်နဲ့တူးတဲ့ ရေတွင်းကျယ်တွေပဲ သုံးခဲ့တာပါ။ ရေတွင်းကျယ်တွေကလည်း များများစားစား မရှိဘူး။ နှစ်တွင်းလောက်ပဲ ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ တုန်းက စည်ပင်က လှူထားတဲ့ ရေ တွင်းတွေ သုံးမရတဲ့ကိစ္စလည်း သမ္မတကြီးဆီ ရောက်သွားတယ်။ သမ္မတကြီး ကတော်ကလည်း ဘယ်ဒေသတွေ ရေရှားသလဲဆိုပြီး စုံစမ်းတဲ့အခါ ခင်ဦးမြို့နယ် ရွှေလူးအိုင်နဲ့ ရွှေပေါ်ကျွန်းမှာ ရေရှားပါတယ်လို့ သမ္မတကတော်ရဲ့ ပီအေက တင်ပြလိုက်တဲ့အပေါ်မှာ ရွှေလူးအိုင်ပါသွားတာပါ’’ဟု ဦးကျော်ဆွေကပြောသည်။ ၂၀၁၃-၁၄ က ရွှေလူးအိုင် ကျေးရွာ သောက်သုံးရေအခက် အခဲဖြေရှင်းရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က လက်တူး ရေတွင်းနှစ်တွင်း တူးဖော်သော် လည်း မအောင်မြင်ဘဲ ချောင်းငယ်များတွင် ကိုယ်ထူကိုယ်ထ လက်ယက်တွင်းမှ ရေကို ခက်ခက်ခဲခဲ အသုံးပြုရာမှ ယခုအခါ သမ္မတနှင့် ဇနီးက လှူဒါန်းသည့် ရေတွင်းနှင့် ရေကန်မှ သောက်သုံးရေကို ဒေသခံပြည်သူများ လုံလောက်စွာ အသုံးပြုနိုင်ကြောင်း ဦးကျော်ဆွေကပြောသည်။

No comments:

Post a Comment