Saturday, June 29, 2019

တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈-၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာ ၁၀ သန်းနှင့် Access to Health Fund က ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာတစ်သန်း ထပ်မံ ထောက်ပံ့

တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈- ၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် Access to Health Fund က ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ထပ်မံထောက်ပံ့ထားကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။  တီဘီရောဂါဖြစ်ပွားနှုန်းများ သိရှိနိုင်ရန် “တီဘီရောဂါ ဖြစ်ပွားမှု မဖြစ်မနေသတင်းပေးပို့ရေး” (Mandatory TB Case Notification) အတွက် ကြော်ငြာစာထုတ်ပြန်ထားပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းများမှ ရောဂါဖြစ်ပွားမှုများကို သတင်းပေးပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။



အစိုးရအနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၁၉၉၅-၁၉၉၆ ဘဏ္ဍဍာနှစ်တွင်ငွေကျပ် ၁၄ သန်းခွင့်ပြုသုံးစွဲခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်တွင် ငွေကျပ် ၅၅၆၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်တွင် ငွေကျပ် ၄၂၄၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ငွေကျပ်သန်း ၄၀ဝ၀ ကျော်ခန့်ခွင့်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ ၁၉ သန်း နှင့် 3MDG အဖွဲ့မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတို့ကိုပံ့ပိုးခဲ့ကြောင်း သိရသည်။


လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တီဘီရောဂါဖြစ်ပွားမှုနှုန်း များပြားနေခြင်းကြောင့် မြို့နယ် ၁၃ မြို့နယ်တွင် မြို့ပြ တီဘီရောဂါကုသမှုနှင့်ထိန်းချုပ်မှုဆိုင်ရာစီမံချက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးကုသမှုလက်လှမ်းမမီနိုင်သော နေရာများတွင်ရှိသည့် ရောဂါဖြစ်ပွားနိုင်ခြေများသည့် လူနာများကို ထိထိရောက်ရောက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်ကာ အဆိုပါစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ ခုရှိ ပြည်သူများအကြား တီဘီရောဂါကွင်းဆင်း ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းများနှင့် အရည်အသွေးပြည့်ဝသော တီဘီကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ ဆေးကုသမှုခံယူခြင်းမရှိသေးဘဲ ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီဝေဒနာရှင် ၆၀ဝ၀ ခန့်အနက် ရိုးရိုးတီဘီလူနာများ သာမက ဆေးယဉ်ပါးတီဘီပိုး ကူးစက်ခံနေရသူများလည်း ပါဝင်နေကြောင်း၊ ရန်ကုန်တွင် ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီလူနာ ၆၀ဝ၀ ခန့်အနက် ရိုးရိုးတီဘီရောဂါ ခံစားနေရသူများသာမက  ဆေးယဉ်ပါးတီဘီပိုး ကူးစက်ခံနေရသူများပါ ပါဝင်နေကြောင်းနှင့် တစ်နိုင်ငံလုံး၏ ဆေးယဉ်ပါးဖြစ်ပွားသူများအနက် ထက်ဝက်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားနေပြီး ရန်ကုန်တွင် နေထိုင်ခြင်းကြောင့် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားရန် သုံးဆခန့် ပို၍ကူးစက်နိုင်ခြေရှိနေကြောင်း သိရသည်။

အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ရရှိသည့်အချက်အလက်များအရ ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်းများခြင်း၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ ရောဂါယှဉ်တွဲဖြစ်ပွားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည်တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် လက်ရှိအချိန်အထိ ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့ တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံ ၃၀၊ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃၀ နှင့် တီဘီ/အိပ်ခ်ျအိုင်ဗွီ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲဖြစ်ကြောင်းနှင့်  ကမ္ဘာ့တီဘီရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့် တီဘီလူနာသစ်ဖြစ်ပွားနှုန်းတို့မှာ တဖြည်းဖြည်းကျဆင်းလျက်ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းထားသည်ထက် အလွန်နှေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment