Saturday, June 29, 2019

တစ်ကျော့ပြန် ခြိမ်းခြောက်လာသည့် H1N1

မြန်မာနိုင်ငံတွင် ယင်းရောဂါသည် ၂၀၀၉ က စတင်ဖြစ်ပွားခဲ့ ပြီး အဆိုပါရောဂါပိုးကူးစက်မှုမှာ ၂၀၁၀ နှင့် ၂၀၁၄ တွင် အဓိကဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှု သည် ၂၀၀၉ တွင် ၁၆ ဦး၊ ၂၀၁၀ တွင် ၂၃၂ ဦး၊ ၂၀၁၂ တွင် ၂၉ ဦး၊ ၂၀၁၃ တွင် တစ်ဦး၊ ၂၀၁၄ တွင် ၁၆၇ ဦး၊ ၂၀၁၅ တွင် သုံးဦးနှင့် ၂၀၁၆ တွင် ကိုးဦးရှိခဲ့သည်။ သို့ သော် သေဆုံးမှုမရှိခဲ့ပေ။  ၂၀၁၇ တွင်မူ ယင်းရောဂါကူးစက်မှုဒဏ်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်စွာ ခံစားခဲ့ရ သည်။ ယင်းရောဂါကြောင့် တောင်ပြုံးပွဲတော်ကဲ့သို့ ပွဲတော် အချို့ကိုပင် ပိတ်ထားခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း (ဆရာဝန်)အချို့ပင် ရောဂါကူးစက်ခံခဲ့ရသည်။ ၂၀၁၇ ဇူလိုင်မှ စက်တင်ဘာအထိတစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးပိုး တွေ့ရှိသူ ၄၀၆ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ တွင်မူပိုးတွေ့ရှိသူ ၁၃ ဦးသာရှိပြီး သေ ဆုံးသူမရှိခဲ့ပေ။ 



ယခု ၂၀၁၉ တွင်မူ ဇွန်လ အတွင်းမှာပင် ရောဂါကူးစက်ခံရ၍ သေဆုံးသူ ခြောက်ဦးအထိ ရှိလာသဖြင့် မပေါ့ဆရန်လိုကြောင်း ဆရာဝန်ကြီးများက သတိပေးထားသည်။

ရာသီတုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ် ဆင့် ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူက နှာချေခြင်း၊ ချောင်းဆိုးခြင်း တို့ကြောင့် ထွက်ပေါ်လာသော အစက်အမှုန်များမှာ ခြောက်ပေခန့် အထိ ပျံ့နှံ့နိုင်ပြီး အခြားတစ်ဦးဦး က ယင်းအမှုန်များကို တိုက်ရိုက်ရှူ သွင်းမိရာမှလည်းကောင်း၊ ယင်းအစက်အမှုန်များ တင်ကျန်ကပ် ငြိနေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိသော လက်ဖြင့် မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့ကို ပြန်လည်ထိတွေ့ကိုင်တွယ်မိခြင်းမှတစ်ဆင့်လည်း ကောင်း ကူးစက်ခံရနိုင်သည်။

‘‘ရာသီတုပ်ကွေးမှာ ဖြစ်တဲ့  အမှုန်အမွှားလေးတွေကတော့ ပမာဏကြီးတော့လေ သိပ်ဝေးဝေးကို မလွင့်စဉ်နိုင်ဘူး။ များသောအားဖြင့် တင်ကျန်နေခဲ့တယ်ပေါ့နော်။ နှာချေ၊ ချောင်းဆိုး လိုက်ရင် စားပွဲခုံတို့၊ ကုလားထိုင် တို့၊ လက်ကိုင်ပဝါတို့ စသည်မှာ တင်ကျန်နေခဲ့တယ်။ အဲဒါကိုတစ်ယောက်ယောက်က ကိုင်မိပြီးတော့ ကိုယ့်နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်မိရင် ကူးစက်သွားနိုင် တာပေါ့နော်။ အဲဒါကြောင့် လက်ဆေးတာ ပိုအရေးကြီးတယ်။ ဆပ်ပြာနဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရမှာ။ ဆေးကြောခြင်း နဲ့ ကာကွယ်နိုင်တယ်။ နှာချေ၊ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ အုပ်ဆိုးရမယ်။ လူအများကြားမှာမဆိုးရဘူး’’ဟု ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက အကြံပြုသည်။

ရောဂါပိုးကူးစက်ခံရသည့် အချိန်ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခ ဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊  နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်သည်။ ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအ လွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အ သက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

အဆိုပါ ရောဂါလက္ခဏာ များ ခံစားရသည်ဟု သံသယရှိပါ က နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများတွင် သတင်း ပေးပို့၍ ကုသမှုခံယူနိုင်သည်။ ထို့ အပြင် ရာသီတုပ်ကွေးရောဂါ သံသယရှိသူများတွင် အဖျားကြီး လွန်းခြင်း။ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ သတိလစ် ခြင်းနှင့် ဂနာမငြိမ်ခြင်းတို့ ဖြစ်ပွား ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း များသို့ သွားရောက်ကုသမှုခံယူ ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နှိုးဆော်ထား သည်။

ယင်းရောဂါသည် ရာသီတုပ်ကွေးဟုဆိုသော်လည်း နောက် ဆက်တွဲ ရောဂါများအဖြစ် ဦးနှောက်ရောင်ရောဂါနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါများအ ထိ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံး သည်အထိ ဖြစ်ပေါ်နိုင်သည်။

အချို့လူများတွင် နှစ်ပတ် နှင့်အထက် ချောင်းဆိုးတတ်ပြီး ရောဂါကူးစက်ခံရသူ အများစု သည် ရောဂါပြင်းထန်မှုမရှိ၊ ကုသမှုခံယူစရာမလိုဘဲ ဖျားခြင်းအပါအ၀င် ရောဂါလက္ခဏာများမှာ တစ်ပတ်အတွင်း သက်သာ ပျောက်ကင်းတတ်သည်။ ရောဂါဖြစ်ပွားသူများအနက်  ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် လူနာများသာ ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်ပြီး အဆိုပါ ဆေးရုံတက်ရောက်ကုသသူများ၏ ၂ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းမှာ သေဆုံးနိုင် ကြောင်း လေ့လာမှုများ၌ ဖော်ပြထားသည်။

‘‘ကပ်ရောဂါမဟုတ်ပါဘူး၊ ပုံမှန်ဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်တယ်။ အဖျားရှိမယ်၊ နှာစေး မယ်၊ ချောင်းဆိုးမယ်၊ လည်ပင်း နာမယ်၊ တစ်ကိုယ်လုံး ကိုက်ခဲ မယ်၊ မအီမသာဖြစ်မယ်၊ ဒါဆိုရင် သံသယတုပ်ကွေးလူနာပါ။ အဲဒီ လိုဖြစ်လို့ ဆေးဆိုင်မှာ ဆေးဝယ် သောက်လိုက်မယ်၊ ပျောက်သွား မယ်။ မစစ်ဖြစ်ဘူးလေ။ အဲဒီလို မျိုး ရှိနိုင်တယ်။ ဒါမှမဟုတ် ရပ် ကွက်ထဲက ဆေးခန်းသွားလိုက် မယ်၊ ပျောက်သွားမယ်။ အဲဒီလို မဟုတ်ဘဲ မောလာမယ်၊ ကျပ် လာမယ်၊ အသက်ရှူရတာမဝ တော့ဘူးဆိုရင် ဆေးရုံကို တက်ပါ တယ်။ ဆေးရုံရောက်သွားချိန်မှာ စစ်လိုက်ရင် ဒီပိုးကို တွေ့ရပါ တယ်။ မတွေ့တဲ့သူတွေလည်း အ များကြီးရှိပါတယ်။ အဓိကကာ ကွယ်ရေးက အရေးကြီးဆုံးပါပဲ’’ ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီး ဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး၊ ကူးစက်ဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာသက်စု မွန်က ပြောသည်။

ရာသီတုပ်ကွေးရောဂါ In-fluenza A(H1N1)pdm 09 သည်၂၀၀၉ ဧပြီ၌ မြောက်အမေရိက တိုက်တွင် ဗိုင်းရပ်စ်ရောဂါပိုးအသစ်အနေဖြင့် လူများအကြား စတင်ကူးစက်ဖြစ်ပွားခဲ့သည်။ လူတို့တွင် ယင်းရောဂါပိုးအသစ်အ တွက် ခုခံနိုင်စွမ်းအားမရှိသေး သောကြောင့် နိုင်ငံအများအပြား၌ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွား ခဲ့သည်။ ထို့နောက် အဆိုပါပိုး သည် ကမ္ဘာ့ကပ်ရောဂါအသွင် ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ ဘဲ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ များ၌ လူများအကြား ရာသီတုပ် ကွေးရောဂါ ကူးစက်မှုအသွင်အ ဖြစ်သာ ဆက်လက်တည်ရှိနေ မည်ဖြစ်ကြောင်း ၂၀၁၀ ဩဂုတ် တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 တစ်ကမ္ဘာလုံးအတိုင်းအ တာဖြင့် နှစ်စဉ်ရာသီတုပ်ကွေး ရောဂါ ပြင်းထန်ခံစားရသူဦးရေ သုံးသန်းမှ ငါးသန်းအထိရှိပြီး သေဆုံးသူ နှစ်သိန်းခွဲမှ ငါးသိန်းအထိ ရှိကာ ရောဂါပြင်းထန်သူများတွင် သေဆုံးမှု ၁၀ ရာခိုင်နှုန်းခန့်ရှိ သည်။ အထူးသဖြင့် အသက် (၅)နှစ်အောက်ကလေးများ၊ အ သက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ဆီးချိုရောဂါကဲ့သို့ နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသူများတွင် ရောဂါပိုမို ပြင်းထန်တတ်ပြီးအသက်သေဆုံး ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဆိုထားသည်။

ထို့ကြောင့် အဆိုပါ ရာသီ တုပ်ကွေးကို ကာကွယ်ဆေးထိုး၍ ကာကွယ်ထားသင့်ကြောင်း အ ထူးကုဆရာဝန်ကြီးများက ဆို သည်။

‘‘ရာသီတုပ်ကွေး ကာကွယ်ဆေးကို ထိုးထားတာက အသုံးဝင်ပါတယ်။ ဘာလို့ဆို တုပ်ကွေးဖြစ် တော့မှ ကုတာထက်စာလို့ရှိရင်  အများကြီးအကျိုးရှိတယ်။ ဦးစား ပေးပြီးထိုးရမှာတော့ အသက်(၅)နှစ်အောက်ကလေးတွေရယ်၊ (၆၅)နှစ်အထက်၊ နောက် ဆီးချို၊သွေးတိုး၊ နှလုံး၊ ရင်ကျပ်ပန်းနာရှိ တဲ့သူတွေပေါ့။ ဖြစ်နိုင်ရင်တော့  အကုန်လုံးထိုးထားရင်အကောင်း ဆုံးပါပဲ။ ကျန်းမာရေးဝန်ထမ်း တွေလည်း ထိုးထားသင့်တယ်။ အကုန်လုံးကိုထိုးဖို့အတွက် တိုက်တွန်းပါတယ်’’ဟု ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာစော ဝင်းက ဆိုသည်။

ယခုနှစ်အတွက် ထုတ်လုပ် သော တုပ်ကွေးကာကွယ်ဆေး သည် လတ်တလောဖြစ်ပွားနေ သော ရာသီတုပ်ကွေး (H1N1) ရောဂါအပါအဝင် အခြားတုပ် ကွေးဗိုင်းရပ်စ်ပိုးများကို ကာကွယ် ပေးနိုင်သည်။ သို့ရာတွင် ယခုရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးသူ များသဖြင့် ဈေးကွက်အတွင်း ဆေးပြတ်လပ်နေသည်။

ကာကွယ်ဆေးသည် တစ် နှစ်တစ်ခါထုတ်ပြီး ယခုနှစ်အ တွက် ဆေးသည် နောက်နှစ်တွင် ပြန်အသုံးပြု၍မရသဖြင့် တင် သွင်းသည့် ဆေးကုမ္ပဏီများသည် ဆေးကို အနည်းငယ်သာ တင် သွင်းခြင်း၊ ထို့အပြင် လတ်တ လော ရာသီတုပ်ကွေးရောဂါ ဖြစ် ပွားမှုများရှိနေခြင်းကြောင့် ဝယ် လိုအားမြင့်တက်ခြင်း စသည့်အ ချက်များက တုပ်ကွေးဆေးပြတ် လပ်မှု ဖြစ်ပေါ်စေကြောင်း ဆေး တင်သွင်းသူတစ်ဦးက သုံးသပ် သည်။

ဆေးတန်ဖိုးသည် တစ်လုံး လျှင် ကျပ်နှစ်သောင်းခန့်ရှိပြီး ဈေး ကွက်အတွင်း ဆေးပြတ်သော် လည်း ဈေးနှုန်းတက်ခြင်းမရှိ ကြောင်း ဆေးရုံအချို့က ပြော ကြားထားပြီး ပြည်သူများကမူ သွားရောက်ထိုးနှံရာတွင် ဈေးတက်မှုနှင့် ကြုံတွေ့ရကြောင်း ပြောဆိုသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရာသီ တုပ်ကွေး (H1N1)နှင့် ပတ်သက် ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ကို အားဖြည့်ဆောင်ရွက်နေ ကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း မြောက် ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေး ရုံ၊ လှိုင်သာယာဆေးရုံတို့အပါ အဝင် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ဆေးရုံကြီး ၁၅ ခု၌ တုပ် ကွေးဆန်သော ရောဂါလက္ခဏာ များ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှု ခြင်း လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်မည်ဖြစ်သည်ဟု ဆို သည်။

ထို့အပြင် ဆေးရုံကြီးများ၊ ကျန်းမာရေး ဆေးပေးခန်းများ၊ နယ်စပ် ဝင်၊ ထွက်ဂိတ်များနှင့် ပြည်သူလူထုအတွင်း တုပ်ကွေး ဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားမှုနှင့် ပြင်းထန်အဆုတ် ရောင်ဖြစ်ပွားမှု စသည်တို့ကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း များ ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားသူ လူနာနှင့် အနီး ကပ်ထိတွေ့သူများကို ကူးစက်ခံရ မှုမရှိစေရေး ကျန်းမာရေးအသိ ပညာပေးခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးဝါး ကုသပေးခြင်း၊ ဆေးရုံများတွင် သီးခြားထားရှိကုသခန်းများ ပြင် ဆင်ထားခြင်း၊ ပြင်းထန်လူနာများ အတွက် လိုအပ်ပါက အသက်ရှူစက်များဖြင့် လုံလောက်စွာ ကုသမှုပေးနိုင်ရေး ပြင်ဆင်ထားရှိမှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

‘‘လောလောဆယ်တော့ ကာကွယ်ရေးလုပ်ငန်းတွေ၊ ပညာပေး လုပ်ငန်းတွေ လုပ်နေတယ်။ အ ကုန်လုံးလုပ်နေပြီ။ စတစ်ကာ ကမ်ပိန်းလုပ်တော့မယ်။ လူထုထဲ လူစည်ကားတဲ့နေရာတွေမှာ စတစ်ကာထုတ်ပြီးတော့ ဆောင် ရန်၊ ရှောင်ရန် အချက်လေးတွေ ထုတ်တယ်။ နောက်ပြီးတော့ ရောဂါထောက်လှမ်းရေးလုပ် တယ်။ နောက်ပြီးတော့ လူတွေကို ပညာပေးဖို့လုပ်တယ်။ နောက် တစ်ခါ သတင်းထောက်လှမ်းရေး ပေါ့။ ဆေးရုံတွေမှာ ကုသရေးအ တွက် ပြင်ဆင်မှုလုပ်တယ်’’ဟု ဧရာဝတီတိုင်း ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။

ထို့အပြင် ပြည်သူများအနေ ဖြင့် ယင်းရောဂါကူးစက်မှု မဖြစ် ပွားစေရန် ကိုယ်ခံစွမ်းအားမြင့် တက်စေမည့် အစားအစာများ စားသုံးပေးခြင်း၊ အိပ်ရေးဝဝ အိပ် ခြင်းနှင့် ဆပ်ပြာနှင့် လက်ကို စင်ကြယ်စွာ ဆေးခြင်းတို့ ပြုလုပ်ခြင်း ဖြင့် ကာကွယ်နိုင်ကြောင်း အာ ဟာရဗေဒပညာရှင် ဒေါက်တာ ညီညီကျော်က အကြံပြုသည်။ ‘‘အဓိကက ကိုယ်ခံစွမ်းအား တက်ဖို့အတွက်က အစားအ သောက်ပြည့်ပြည့်ဝဝ စားဖို့အ တွက်ရယ်၊ တစ်နေ့ကို ခြောက် နာရီကနေ ရှစ်နာရီအထိဝင် အောင် အိပ်ပေးဖို့ကတော့ လိုအပ်တာပေါ့နော်။ အဲဒီလိုမျိုး နှစ်ခုတော့ လိုအပ်ပါတယ်။ အထူးသဖြင့် အခုအရမ်းခေတ်စားနေတဲ့ အပြင်းအထန် ဝိတ်ချတာတွေ လိုက်မလုပ်သင့်ဘူးပေါ့။ ဒီရာသီဥတုမှာဆို ကိုယ်ခံစွမ်းအားမြှင့် တင်ပြီးတော့ အသားဓာတ်ကြွယ် ဝအောင်စားမယ်။ ကြက်ဥ၊ ကြက်သား၊ ငါးတို့ စတဲ့အစားအစာတွေကို အသားဓာတ်ပြည့်ပြည့်ဝဝဖြစ် အောင် စားပေးမယ်။ နွားနို့တွေ သောက်မယ်။ ပဲနို့တို့ သောက်ပြီး တော့ အာဟာရပြည့်ဝအောင်နေ ပါ။ အဲဒါဆိုရင်တော့ ဒီတစ်ဖက် တစ်လမ်းကနေပြီးတော့ ဒီတုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ် ပါတယ်။ ပြီးတော့ အစားအ သောက်ကို သတိထားပါ။ လမ်း ဘေးစာတွေ သိပ်မစားပါနဲ့။ ဖြစ်နိုင်ရင် အိမ်မှာ ပူပူနွေးနွေးလုပ် စားတဲ့ အစားအစာတွေကို အဓိကစားပေးဖို့ အကြံပေးချင်ပါတယ်’’ ဟု ၎င်းက အကြံပြုသည်။

No comments:

Post a Comment