Saturday, June 29, 2019

တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး FDA က သတ်မှတ်ထားသည့် ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံး နိုင်ငံများအနက် မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၌ ရောဂါဖြစ်ပွားနေ

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း  နီးစပ်သည့် တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever)  ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ရောဂါကူးစက်ခံရနိုင်မှုအန္တရာယ် အမြင့်မားဆုံးနိုင်ငံများအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်ထားရာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများတွင် ရောဂါဖြစ်ပွားနေပြီဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။“တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရောဂါစတွေ့တဲ့အချိန်တုန်းက တရုတ်နဲ့ အိမ်နီးချင်း မြန်မာ၊  လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်နိုင်ငံတွေကို  ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံးနိုင်ငံတွေအဖြစ်  FAO က သတ်မှတ်ခဲ့တယ်။
အခု အဲဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလွဲပြီး ကျန်တဲ့နိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွား နေပြီ။ လောလောဆယ် အာရှတိုက်မှာ ရောဂါကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေစာရင်းအရတော့ တရုတ်၊ မွန်ဂိုလီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားနိုင်ငံတွေမှာ ကူးစက်မှု တွေ ရှိနေတယ်။ အခုနောက်ဆုံး လာအို နိုင်ငံမှာ စတွေ့ပါတယ်။ ဇွန် ၂ ရက်မှာတွေ့တယ်လို့ပြောပေမယ့် တရားဝင်ထုတ်ပြန်တာကတော့ ဇွန် ၂၀ ရက်မှ စတင်ထုတ်ပြန်ခဲ့တာပါ။ လက်ရှိအထိ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါသေးဘူး။ ရောဂါဖြစ်ပွားမှု လုံးဝမရှိသေးဘူး။ ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိအထိ မြန်မာနိုင်ငံမှာ ကူးစက်ပျံ့ပွားမှုမရှိပေမဲ့ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။မြန်မာနိုင်ငံဘက်အခြမ်း မိုင်းလားဒေသနှင့် နယ်မြေချင်းထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင် ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ဟိုင်းမြို့တွင် မေလကုန်ပိုင်းက အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)  က ထုတ်ပြန်ကြေညာထားသည်။မြန်မာနိုင်ငံနှင့် နီးကပ်သည့် ဒေသများ အပါအဝင် အာရှဒေသအတွင်း ယခုနှစ် မေလအတွင်းက အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားသည့် နယ်ပယ်ပိုမို ကျယ်ပြန့်လာကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။“အာဖရိက ဝက်အပြင်းဖျားရောဂါက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်ကစပြီး တရုတ်နိုင်ငံမှာစတင် ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားခါစက အာရှတိုက် အထူးသဖြင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသအတွင်း ရောဂါကာကွယ်တားဆီးရေးနဲ့ ရောဂါဖြစ်ပွားလာခဲ့ရင် ထိန်းချုပ်ရေးအတွက် အာရုံစိုက်ပြီး လုပ်ခဲ့ကြတယ်။ သို့ပေမဲ့ ရောဂါရဲ့ ကူးစက်ပျံ့နှံ့မှုအရှိန်က နှေးကွေးတဲ့အတွက် အချိန်ကြာလာတဲ့နဲ့အမျှ ရောဂါနဲ့ပတ်သက် တဲ့အာရုံစိုက်မှုတွေ လျော့ပါးလာခဲ့ကြတယ်” ဟု ゞင်းက ဆက်လက်ပြောကြားသည်။တရုတ်နိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်တွင် Liaoning  ပြည်နယ်မှစတင်ကာ အာဖရိကဝက်အပြင်းဖျား  ရောဂါ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ၂၀၁၉ ခုနှစ် မေ ၃၀ ရက်အထိ အချိန် ၁၀ လအတွင်း ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စုစုပေါင်း   ၃၂ ခုတွင် ရောဂါ ဖြစ်ပွားမှု outbreak စုစုပေါင်း ၁၃၆ ခု ဖြစ် ပွားခဲ့ကြောင်းနှင့် ရောဂါထိန်းချုပ်ရေးအတွက် တရုတ်အစိုးရက ဝက်ကောင်ရေ ၁၁၂၉၀ဝ၀ ကို သုတ်သင်ခဲ့ကြောင်း  ထုတ်ပြန်ကြေညာထားသည်။

No comments:

Post a Comment