Saturday, June 29, 2019

တရားမဝင်ရထားလမ်းကူးဂိတ်များမှာ တရားဝင်ဂိတ်ထက် နှစ်ဆခန့်များပြားလျက်ရှိပြီး ရထားနှင့်ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ဆိုင်ကယ်ဖြင့်တိုက်မှုမှာ သေဆုံးမှုအများဆုံးဖြစ်နေဟု သိရ

တစ်နိုင်ငံလုံးအတိုင်းအတာအရ တရားဝင်ရထားလမ်းကူးဂိတ် ၁၆၆၇ ဂိတ်ရှိကာ တရားမဝင်ဂိတ်ပေါင်းမှာ ၂၄၈၅ ဂိတ်ရှိပြီး ရထားနှင့် ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ဆိုင်ကယ်ဖြင့်တိုက်မှုမှာ သေဆုံးမှုအများဆုံးဖြစ်နေကြောင်း သိရသည်။ြ မန်မာ့မီးရထားမှ ကောက်ယူထားသော စာရင်းများအရ ရထားနှင့် ယာဉ်မတော်တဆမှုများမှာ ၂၀၁၇-၁၈ ခုနှစ်တွင် စုစုပေါင်း ၂၁၆ မှုဖြစ်ပွားခဲ့ကာ ၂၀၁၈-၁၉ ခုနှစ်တွင် ၁၇၅ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။



“တရားမဝင်ရထားလမ်းကူးဂိတ်တွေကို ပိတ်ဖို့နဲ့ လိုအပ်လို့ရှိရင် တရားဝင်ဖွင့်ပေးနိုင်ဖို့အတွက်ကို မြန်မာ့မီးရထားအနေနဲ့ ဆောင်ရွက်နေသလို မတော်တဆမှုတွေ လျော့ကျအောင်လည်း အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ လက်ရှိမှာ အရင်ထက်စာရင် ဖြစ်ပွားမှုလျော့ကျတယ်ဆိုပေမဲ့ အခုမတ်လကနေမေလ သုံးလအတွင်းဖြစ်ပွားမှုက အရင်နှစ်ထက်တိုးလာတယ်။ ဒါကြောင့် ရထားလမ်းအနီးနေထိုင်သူတွေ အနေနဲ့ရော အများပြည်သူအနေနဲ့ပါ ရထားလမ်းကူးဂိတ်တွေကို ဖြတ်တဲ့အခါ အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုနိုင်ဖို့ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ ဘူတာရုံတွေမှာ အသိပညာပေးမှု တွေလုပ်နေတယ်” ဟု မြန်မာ့မီးရထားသွားလာဌာနမှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။ ရထားနှင့် ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် လူကူးဂိတ်တံခါးများ၌ မတော်တဆဖြစ်မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း ၃၇ မှုဖြစ်ပွားခဲ့ပြီး ကားဖြင့် တိုက်မိမှု ၁၅ မှုတွင် ဒဏ်ရာရရှိသူ လေးဦး၊ ဆိုင်ကယ်ဖြင့် တိုက်မိမှု ၁၂ မှုတွင် ဒဏ်ရာရရှိသူ ရှစ်ဦး၊ သေဆုံးသူ လေးဦး၊ သုံးဘီး၊ ထော်လာဂျီ၊ ဒိုဇာဖြင့် တိုက်မိမှု ၁၀ မှုတွင် ဒဏ်ရာရရှိသူ သုံးဦး၊ သေဆုံးသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားဥပဒေအရ တရားဝင်ရထားလမ်းကူးတံခါးများမှာ တစ်မိုင်လျှင် တစ်ခုသာဖွင့်လှစ်ထားရှိနိုင်ပြီး စည်ကားသော မြို့ပြများတွင် တစ်မိုင်အတွင်း တစ်ခုထက်ပို ဆောင်ရွက်ပေးနိုင်သည့်အတွက် လိုအပ်ချက်ရှိပါက တရားဝင်ရထားလမ်းကူးများအဖြစ် ဖွင့်လှစ်ပေးလျက်ရှိကာ တရားမဝင်လုပ်ထားသည့် လမ်းကူးများကိုလည်း တရားမဝင်ပြုလုပ်ထားသောဂိတ်ဖြစ်ကြောင်းနှင့် အသုံးပြုသူများသတိထားနိုင်ရန် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပညာပေးကြေညာချက်များကပ်၍ အသိပညာပေးခြင်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များအား မြန်မာ့မီးရထားမှ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်သည့်အတွက် မတော်တဆမှုဖြစ်ပွားပါက အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂ࿿ါဆုံးရှုံးခြင်း၊ ပစ္စည်းဆုံးရှုံးခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင်  မီးရထားဥပဒေဖြင့် အရေးယူအပြစ်ပေးခြင်း ပါခံရနိုင်ခြင်းကြောင့် အများပြည်သူများ အနေဖြင့် မီးရထားလမ်းပေါ်နှင့် လမ်းကူးဂိတ်များတွင် ကန့်သတ်ထားသည့်စည်းကမ်းများကို လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း သိရသည်။ 

No comments:

Post a Comment