Saturday, June 29, 2019

ယာဉ်သုံးစီးကို ဝင်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်း ဘုရင့်နောင်ခုံးကျော်တံတားပေါ်မှ ခုန်ချ

အင်းစိန်ဈေးရှေ့နှင့် ဘုရင့်နောင်လမ်းပေါ်တွင် ယာဉ်သုံးစီးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်း အမျိုးသားမှာ ဘုရင့်နောင်ခုံးကျော်တံတားပေါ်မှ ခုန်ချခဲ့သောကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။



ဒဏ်ရာများ ရရှိခဲ့သူယာဉ်မောင်း ကိုဇေယျာအောင်(၂၈)နှစ်မှာ ဇွန် ၂၈ ရက် ညနေပိုင်းက လှိုင်မြစ်လမ်းအတိုင်း ဖီဒါအငှားယာဉ်ကို မောင်းနှင်လာစဉ် အင်းစိန်ဈေးရှေ့အရောက် အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ ရာမှ SUZUKI ENTIGA အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် AD Van အမျိုးအစား မော်တော်ယာဉ်တစ်စီး တို့ကို ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးစဉ် ဘုရင့်နောင်လမ်းအရောက် လမ်းဘေးရပ်ထားသည့် ပရိုဘောက် အငှားယာဉ်တစ်စီးကို ထပ်မံဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ဖီဒါအငှားယာဉ်မောင်းမှာ ၎င်းယာဉ်နောက်သို့ ပရိုဘောက်အငှားယာဉ်မှ လိုက်လာသဖြင့် ရန်ပြုခံရမည်ကို စိုးရိမ်၍ ဖီဒါအငှားယာဉ်မောင်း ကိုဇေယျာအောင်က ဘုရင့်နောင်နှစ်ထပ် ခုံးကျော်တံတားရှိ အောက်ခုံးကျော်တံတားပေါ်တွင် ယာဉ်ကိုရပ်တန့်ပြီး ၎င်းက တံတားပေါ်မှ အောက်သို့ တွဲလောင်းခိုဆင်းရန် ကြံစည်စဉ် ပြုတ်ကျခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာများရရှိခဲ့သည့် ယာဉ်မောင်း ကိုဇေယျာအောင်ကို အင်းစိန်ဆေးရုံသို့ တင်ပို့ထားပြီး အင်းစိန်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၆၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ၍ ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆ သိန်းခ့ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment