Saturday, June 29, 2019

ဝီဒိုဒို သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရမှုကို ပယ်ဖျက်ပေးရန် ဆူဘီယန်တို၏ တောင်းဆိုချက်ကို အင်ဒိုနီးရှားတရားရုံး ပယ်ချ

 ဇွန် ၂၇ ရက်တွင် ဂျကာတာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတွင် စီရင်ချက်ချမှတ်မှုအပြီး သမ္မတဝီဒိုဒို၏ ရှေ့နေများက အောင်ပွဲခံနေကြစဉ်အင္ဒိုနီးရွားသမၼတ ဂ်ိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်ခံရမှုကို ပယ်ဖျက်ပေးရန် ဗိုလ်ချုပ်ဟောင်းပရာဘိုဝိုဆူဘီယန်တို၏ တောင်းဆိုချက်ကို အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဇွန် ၂၇ ရက်တွင် ပယ်ချခဲ့ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟူသော ဆူဘီယန်တို၏ ပြောကြားချက်များသည် အခြေအမြစ်မရှိဟုလည်း ထုတ်ပြန်ခဲ့သည်။

ဧပြီလရွေးကောက်ပွဲ၌ မဲလိမ်လည်မှုများနှင့် အတုယောင်မဲပေးသူအများအပြား ရှိခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် ဆူဘီယန်တို ရှုံးနိမ့်ခဲ့ရသည်ဟူသောအချက်ကို ဆူဘီယန်တိုဘက်မှ သက်သေမပြနိုင်ခဲ့ကြောင်း ပြောကြားလျက် တရားရုံးက ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တို၏ တိုင်ကြားချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။ မဲမသမာမှုများရှိသည်ဟူသော စွပ်စွဲချက်များကြောင့် မေလတွင် မြို့တော်ဂျကာတာ၌ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံးခဲ့သည်။

တရားလို၏ တိုင်ကြားချက်သည် ဥပဒေအကြောင်းအရ ကြည့်ပါက အခြေအမြစ်မရှိကြောင်း၊ တရားလို၏ တောင်းဆိုချက်တစ်ခုလုံးကို ပယ်ချကြောင်း တရားရုံးတရားသူကြီး အန်ဝါအူစမန်က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အငြင်းပွားမှုကို ပွင်းလင်းမြင်သာမှုရှိစွာ ဖြေရှင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးကို ကျေးဇူးတင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများအားလုံး အတူတကွ ပူးပေါင်းပါဝင်ပေးကြရန် တောင်းဆိုကြောင်း အသက် ၅၈ နှစ်အရွယ်ရှိ သမ္မတဝီဒိုဒိုက ဆိုသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ဝီဒိုဒိုနှင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသော မာရုဖ်အာမင်သည် ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုနိုင်ရန် လမ်းပွင့်စေခဲ့သည်။

ကိုးနာရီကျော်ထိကြာမြင့်သော တရားရုံးကြားနာမှုအတွင်း ဝီဒိုဒိုအားထောက်ခံသည့် အစိုးရဝန်ထမ်းများကို မျက်နှာသာပေးခြင်းဖြင့် ထောက်ခံဆန္ဒမဲ ရယူခြင်းဟူသော စွပ်စွဲချက်အပါအဝင် အခြားသောစွပ်စွဲချက် အများအပြားမှာ အခြေအမြစ်မရှိကြောင်း တရားသူကြီးအဖွဲ့က ပြောကြားခဲ့သည်။ စွပ်စွဲချက်များနှင့်ပတ်သက်၍ အထောက်အထား ခိုင်မာမှု၊ မျက်မြင်သက်သေများအပေါ် ယုံကြည်စိတ်ချရမှုကို တရားရုံးက မေးခွန်းထုတ်ထားပြီး အတုယောင် မဲဆန္ဒရှင်များရှိ ကြောင်းတင်ပြချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံး၏ တရားစီရင်ရေးဘောင်ကို ကျော်လွန်နေသည့်အတွက် အင်ဒိုနီးရှားရွေးကောက်ပွဲ စောင့်ကြည့်ရေး အေဂျင်စီကသာ တာဝန်ယူစစ်ဆေးရမည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဧပြီလ ရွေးကောက်ပွဲတွင် ဝီဒိုဒိုက မဲ ၅၅.၅ ရာခိုင်နှုန်း၊ ဆူဘီယန်တိုက မဲ ၄၄.၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ကြေညာခဲ့သည့် တရားဝင်မဲရလဒ်များကို ပယ်ဖျက်နိုင်ရန် ဆူဘီယန်တို၏ ရှေ့နေများက ကြိုးပမ်းခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲအတွင်း ဝီဒိုဒိုက ဆူဘီယန်တိုအား အနိုင်ရရှိခဲ့ချိန်က ဆူဘီယန်တိုသည် အလားတူစွပ်စွဲချက်မျိုးဖြင့် တရားရုံးသို့တိုင်ကြားခဲ့ပြီး ယင်းအမှုတွင်လည်း ဆူဘီယန်တိုဘက်ကပင် အမှုရှုံးနိမ့်ခဲ့သည်။

No comments:

Post a Comment